မြစ်ကြီးနားမြို့မှာ စက်သုံးဆီ တစ်လီတာ တစ်သောင်းခွဲအထိစျေးမြင့်တက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စက်သုံးဆီတစ်လီတာ ကျပ် ၁၅၀၀၀ (တစ်သောင်းငါးထောင်) အထိဈေးမြင့်တက်နေတယ်လို့ မြို့ခံတွေ ပြောပါတယ်။
မြစ်ကြီးနားမြို့ နိုဝင်ဘာ လဆန်းပိုင်းအထိ စက်သုံးဆီတစ်လီတာ ကျပ်ငွေ ၁၀၀၀၀(တစ်သောင်း) ဝန်းကျင်သာရှိခဲ့ပေမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့ စက်သုံးဆီတစ်လီတာ ကျပ် ၁၅၀၀၀ (တစ်သောင်းငါးထောင်) ထိမြင့်တက်သွားတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။
“ဒီနေ့ကတော့ တစ်လီတာကို တစ်သောင်းခွဲဟုတ်တယ်။ ဆီကမနက်ပိုင်းပဲရောင်းတာ ဝယ်ရလည်း ခက်တယ်။ ဆီကရှိတော့ရှိတယ်ထင်တယ်။ အရင်လို သိပ် မရောင်းပေးတာ။ အခုက မျှမျှပြီး ရောင်းနေတာ။ ဈေးတွေကလည်း တက်နေတာပေါ့”လို့ ပြောပါတယ်။
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့ထဲ စက်သုံးဆီဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေဟာ မြစ်ကြီးနား– မန္တလေးလမ်း၊မြစ်ကြီးနား– ကန်ပိုင်တည်လမ်းကြောင်းကနေ ဝင်ရောက်နေတာဖြစ်ပါတယ်။
သို့သော် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့ကစ ကချင်ပြည်နယ်နယ်စပ် စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က စခန်းသိမ်း၊မြို့သိမ်းတိုက်ပွဲစတင်ဖော်ဆောင်လာတာကြောင့် မြစ်ကြီးနား– မန္တလေးသွားလမ်းပိုင်း သွားလာခွင့်ပိတ်သွားခဲ့ပြီး စက်သုံးဆီကားများအဝင်ရပ်တန့်သွားခဲ့ပါတယ်။
မြစ်ကြီးနား– မန္တလေးလမ်းပိုင်း စက်သုံးဆီကားအဝင်မရှိတော့ပေမယ့် မြစ်ကြီးနား– ကန်ပိုင်တည်လမ်းကြောင်းကနေ ဝင်ရောက်နေသေးတာကြောင့် ဩဂုတ်လကနေ အောက်တိုဘာလ ၁၇ ရက်နေ့ထိ မြစ်ကြီးနားမြို့တွင်း စက်သုံးဆီတစ်လီတာ ကျပ် ၅၀၀၀ (ငါးထောင်) နဲ့ ၆၀၀၀ (ခြောက်ထောင်) ဝန်းကျင်သာရှိပါတယ်။
ဒါပေမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ ကချင်အထူးဒေသ ၁ နယ်ခြားစောင့်ဌာနချုပ် ပန်ဝါမြို့ကို KIA တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက် ကံပိုင်တည်နယ်စပ်ဂိတ်အပါအဝင် နယ်စပ်ဂိတ်အားလုံးကို တရုတ်နိုင်ငံဘက်က ပိတ်လိုက်တဲ့တွက် မြစ်ကြီးနား– ကံပိုင်တည်လမ်းကြောင်းကနေလည်း စက်သုံးဆီအဝင်ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။
“ ကျနော်တို့မြစ်ကြီးနားကိုက အောက်ပိုင်း မန္တလေးတို့မြစ်ကြီးနားတို့က ဆီတွေမရောက်တာ ကြာပြီ။ တရုတ်ဆီတွေပဲသုံးနေရတာဟုတ်တယ်။ အခုကတရုတ်ဘက်ကလည်းပိတ်တော့ ဆီတွေကမရောက်တော့ ခက်ကုန်တာပေါ့” လို့ ပြောပါတယ်။
ဒါကြောင့် လတ်တလော မြစ်ကြီးနားမြို့ထဲကို စက်သုံးဆီအဝင်ရပ်တန့်သွားတာ တစ်လကျော်ရှိလာပြီး မြို့တွင်း ဆီဆိုင်ကြီးတွေဟာ လက်ကျန်ဆီတွေကို အကန့်သတ်နဲ့ရောင်းချပေးလာပြီး စျေးနှုန်းလည်း ပိုမြင့်တက်လာနေတာဖြစ်ပါတယ်။
မြန်မာ– တရုတ်နယ်စပ် ကံပိုင်တည်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၂၀ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အုပ်ချုပ်ရေးယန္တရားစတင်ဖို့ ကြိုးစားနေသလို နယ်စပ်ဂိတ်ကိုလည်း ဖွင့်ထားပြီး တရုတ်တစ်သျှူးငှက်ပျောကားတွေ ထွက်ခွင့်ပေးနေပြီဖြစ်ပါတယ်။
သို့သော် တရုတ်နိုင်ငံဘက်က ငှက်ပျောကားအဝင်သာ လက်ခံပြီး စက်သံးဆီ၊လူသုံးကုန်ကားတွေကို မြန်မာဘက်ခြမ်းထွက်ခွင့်မပေးသေးပဲ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။
By – အမိုး