ကန်ပိုင်တည်နယ်စပ်ဂိတ်မှာ တစ်သျှူငှက်ပျောကား သွားလာခွင့်ရနေပေမယ့် တရုတ်ဘက်က ကုန်ကားမဝင်သေး
မြန်မာ– တရုတ်နယ်စပ် ကန်ပိုင်တည်မြို့ ကုန်သွယ်ရေးဂိတ်မှာ တစ်သျှူးငှက်ပျောကား သွားလာခွင့်ရရှိနေပြီဖြစ်ပေမယ့် တရုတ်ဘက်က ကုန်ကားတွေ မြန်မာပြည်ဘက် ဝင်ရောက်တာမရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကန်ပိုင်တည် မြို့သိမ်းတိုက်ပွဲကြောင့် ပိတ်ထားတဲ့ နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့ KIA ဘက်က ပြန်ဖွင့်လိုက်ပြီး တစ်သျှူငှက်ပျောကားတွေကို သွားလာခွင့်ပြုနေပြီလို့ ကန်ပိုင်တည်ဒေသခံတစ်ဦး KNG ကိုပြောပါတယ်။
“KIA တွေက သစ်သျှူးငှက်ပျောတင်တဲ့ ကားတွေကိုပြန်သွားခိုင်းနေပြီ။ တရုတ်ဘက်က ကုန်ကားတွေပြန်ဝင်ဖို့ စောင့်နေတဲ့အခြေအနေမှာဟုတ်တယ်။ တကယ့်လို့ KIA ဘက်က သစ်သျှူးကားတွေ သွားခွင့်ပေးနေပေမယ့် တရုတ်ဘက်က ကုန်ကားတွေ မဝင်လာရင်တော့ KIA ဘက်ကလည်း ပြန်ပိတ်လိုက်မလားတော့မသိဘူး”လို့ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲမဖော်ဆောင်ခင် ပြီးခဲ့တဲ့ ဇူလိုင်လစပြီး ကချင်အထူးဒေသ ၁ နယ်မြေတွင်းရှိ ကံပိုင်တည်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ဆဒုံးမြို့ကို KIA သိမ်းပိုက်လိုက်တဲ့အတွက် နယ်စပ်ဂိတ်ကို ဩဂုတ်လကနေ အောက်တိုဘာလ ၂၂ ရက်နေ့ထိ စစ်ရေးအခြေနေကြောင့် တစ်လကျော်ပိတ်ထားခဲ့ပါတယ်။
သို့သော် စစ်တပ်ထိန်းချုပ်မှုရှိနေသေးတဲ့ ကံပိုင်တည်နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အကန့်အသတ်နဲ့ပြန်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့ ကန်ပိုင်တည်မြို့ကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်လိုက်တာကြောင့် နယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်ပိတ်လိုက်တယ်လို့ သိရပါတယ်။
မြို့ကို KIA သိမ်းပိုက်ပြီး တစ်ပတ်အကြာ နိုဝင်ဘာလ ၂၅ ရက်နေ့စတင်ကာ တရုတ်ဘက်ခြမ်းထွက်မယ့် တစ်သျှူးငှက်ပျောကားတွေကို KIA ကထွက်ခွင့်ပေးလိုက်ပြီး ဂိတ်ပြန်ဖွင့်လိုက်ပြီဖြစ်ပါတယ်။
ဒေသခံတွေပြောဆိုချက်အရ လတ်တလောမှာ တစ်သျှူးငှက်ပျောကားတွေ ဝင်ထွက်သွားလာခွင့်ရနေပမေယ့် တရုတ်ဘက်ကနေ မြန်မာနိုင်ငံဘက်ကို ဝင်ရောက်မယ့် ကုန်ကား၊စက်သုံးဆီကားတွေတော့ ဝင်ခွင့်မရသေးဘူးလို့လည်း သိရပါတယ်။
ကန်ပိုင်တည်ဒေသခံ တစ်ချို့ရဲ့ ပြောဆိုချက်အရ KIO အစိုးရရဲ့ အုပ်ချုပ်ယန္တရားစတင်လည်ပတ်တာနဲ့ တရုတ်ဘက်က ကုန်ကားတွေဝင်ရောက်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။
“တရားဝင်ပြောဆိုတာမျိုးတော့မဟုတ်ဘူး။ အပြင်မှာ အချင်းချင်းပြောဆိုနေကြတာက ဒီရက်ပိုင်း KIO ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက်နေပြီ။ အဲဒါပြီးတာနဲ့ ကုန်တင်ကားတွေလည်း အရင်ကလို ပြန်ပြီး လည်ပတ်တော့မယ်လို့ ကြားသိထားတယ်။ အခုတောင်မှ ကုန်ကားတစ်ချို့ နည်းနည်းပါးပါးသွားလာနေပြီ”လို့ နောက်ထပ် ကန်ပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာလ မကုန်ခင်ရက်ပိုင်းအတွင်းမှာပဲ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းတွေ ယခင်ကလို ပြန်ပြီး လည်ပတ်နိုင်ဖို့အခြေအနေရှိတယ်လို့ ကုန်ပိုင်တည်ဒေသခံ သုံးသပ်နေကြတာလည်းဖြစ်ပါတယ်။
KIO အစိုးရအနေနဲ့ ကန်ပိုင်တည်မြို့မှာ အုပ်ချုပ်ရေးယန္တရားစတင်ဖော်ဆောင်တော့မယ်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။
တရုတ်အစိုးရဘက်ကနေ ဒီကနေ့ အထိ ကချင်ပြည်နယ်ထဲကို စားသောက်ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေ တင်သွင်းခွင့်ပိတ်ထားတာကြောင့် မြစ်ကြီးနားမြို့အပါ တခြား မြို့နယ်အသီးသီးမှာ ကုန်ပစ္စည်းပြတ်လပ်နေတဲ့အပြင် ကုန်စျေးနှုန်းမြင့်တက်တဲ့အခက်အခဲကို ပြည်သူတွေ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေကြတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ နေ့မှာ KIA က ပန်ဝါမြို့သိမ်းလိုက်တဲ့နောက် နာရီပိုင်းအတွင်းမှာပဲ ကန်ပိုင်တည်နယ်စပ်ဂိတ်အပါ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တရုတ် – မြန်မာ နယ်စပ်ဂိတ်အားလုံးနီးပါး တရုတ်အစိုးရဘက်က ပထမအကြိမ်ပိတ်လိုက်တာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)