
စစ်ကိုင်းတိုင်း နဲ့ ကချင်အစပ် ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာတစ်ချို့က ဒေသခံတွေကို KIA၊ PDF ပူးပေါင်းတပ်တွေက ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကစလို့ ဗန်းမောက်မြို့နယ် ကြောင်လည်၊ ပင်းခါးစတဲ့ကျေးရွာတွေတစ်ဝှိုက်မှာအထိုင်ချထားတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ကို KIA၊PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သိရပါတယ်။
အရပ်သား ပြောင်းရွှေ့နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက “မြေပြင်မှာကတော့ ထုတ်တာတော့ ဟုတ်တယ်။ သူတို့ရဲ့အရေးကြီးတဲ့ပစ္စည်းတွေရော လူတွေရောထုတ်ပြီး တစ်ခြားရွာမှာ စစ်ရှောင်ဖို့ စီစဥ်ပေးထားတာ။ ဒီမှာဒေသခံတွေလည်း ရှိတယ်။ ” လို့ပြောပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းက သတင်းတွေရေးသားနေတဲ့ The Voice Of Shan-Ni ရှမ်းနီအသံ သတင်းဌာနက တော့ အဆိုပါ ကြောင်လည်၊ ပင်းခါး စတဲ့ကျေးရွာက ဒေသခံရာနဲ့ချီကို KIA၊PDF ပူးပေါင်းတပ်တွေက ဖမ်းဆီးသွားကြောင်း ရွေ့ပြောင်းခံရတဲ့ ဒေသခံ မိသားစုဝင်တွေကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။
ဒီအခြေနေနဲ့ ပတ်သက်လို့ ဒေသခံတွေကို ဆက်သွယ်ဖို့ ကြိုးစားနေပေမဲ့ ဖုန်းနဲ့ အင်တာနက်လိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။
လက်ရှိ ဗန်းမောက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်နေတာဟာ တစ်ပတ်ကျော်ရှိလာပြီဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူလာပေးတာလည်းရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
တိုက်ပွဲဟာ ဗန်းမောက်မြို့ပေါ်နဲ့ ဆိုင်ကယ်ဖြင့်သွားရင် မိနစ် ၂၀ ဝန်းကျင်လောက်အကွာမှာဖြစ်ပွားနေတာဖြစ်ပြီး ဗန်းမောက် မြို့နယ်ရဲ့အနောက်မြောက်ဘက်ကျတယ်လို့ သိရပါတယ်။
“ကြောင်လည်မှာတစ်ကုန်း၊ ပင်းခါးမှာတစ်ကုန်း၊ ပင်းခါးလမ်းဆုံမှာ တစ်ကုန်း၊ ဗျူဟာကုန်း သုံးကုန်းကို တိုက်နေတာ။ ကျနော်တို့ဘက်ကလည်းကျတယ်။ ထိတယ်။ ဖမ်းခံရတာတွေလည်းရှိတယ်။ လေကြောင်းသုံးတယ်။ တစ်နေ့ကပဲ တစ်ခေါက်လာပစ်တယ်။ ဘာမှတော့အထိအခိုက်မရှိဘူး။ “ လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်ပွဲအခြေနေကို ပြောပြပါတယ်။
ရှမ်းနီအမျိုးသားတပ်မတော် SNA ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက် အပါအဝင် ကချင်ပြည်နယ်ထဲ က မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့နယ် တို့တွင်စစ်ရေးလှုပ်ရှားကြတယ်လို့သိရပါတယ်။
ဗန်းမောက်မြို့နယ်ဟာ စစ်ကိုင်းတိုင်း ကသာခရိုင်အတွင်းက မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်ပြီး ရှမ်းနီ၊ ကဒူး၊ ကနန်း စတဲ့တိုင်းရင်း သား အများစုနေထိုင်ကြတဲ့ဒေသဖြစ်ပါတယ်။
By – အမိုး