အင်တာဗျူး

မြန်မာ့တိုင်ရင်းသားအရေး အမေရိကန်အစိုးရ အသစ်လက်ထက် ဘယ်လောက် မျှော်လင့်နိုင်မလဲ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ ဖေဖော်ဝါရီ  ရက် နဲ့ ၅ ရက်ကြားမှာ ကျင်းပခဲ့တဲ့ congressional briefing နဲ့ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် IRF ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာပြည်က ကချင်အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း တက်ရောက်ပြီး မြန်မာ့အရေး တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၄ ရက် နဲ့ ၅ ရက်နေ့ နှစ်ရက်တာအစီစဉ်မှာ ဝါရှင်တန်မြို့ Hiton Hotel မှာ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် IRF ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၄၁ နိုင်ငံက ကိုယ်စားလှယ်ပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့ ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံဘက်ကတော့ NUG ကိုယ်စားလှယ်တွေ နဲ့ အမေရိကန်ရောက် ချင်း၊ ကချင် ဘာသာရေး အဖွဲ့အစည်း ခေါင်းဆောင် တွေအပြင် ရိုဟင်ဂျာအဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ပါတယ်။

အမေရိကန်ဘက်ကတော့  နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ရဲ့ ပူးတွဲဥက္ကဋ္ဌ Sam Brownback  US Commission on International Religious freedom chairman Stephen Schneck  အမေရိကန် ဒုတိယသမ္မတ JD Vance တို့ တက်ရောက်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံအကြောင်းနဲ့ပတ်သက်ပြီး ဘယ်လို ဆွေးနွေးတင်ပြခဲ့ကြသလဲဆိုတဲ့ ဘယ်လိုတုန့်ပြန်မှုရှိခဲ့သလဲ၊ အနာဂတ်မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးကော ဘာတွေပြောင်းလဲ လာနိုင်လဲ ဆိုတာနဲ့ ပတ်သက်ပြီး  Kachin Baptist Churches USA ရဲ့ အတွင်းရေးမှူး လည်းဖြစ်သလို Burma Advocacy Group ရဲ့  Steering Committee ဖြစ်တဲ့  Rev. Ah Le ကို KNG က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။  ပထမဦးဆုံးအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့နဲ့ ၅ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲတွေအကြောင်းကို ပြောပြပေးပါ ဆရာ။

ဖြေ။   အဲဒီဆွေးနွေးပွဲက congressional briefing ဟုတ်ပါတယ်။   လူနည်းစုဖြစ်တဲ့ ခရစ်ယာန်တွေ မြန်မာနိုင်ငံမှာ နှိပ်စက် ညှင်းပန်းခြင်း ခံရတာကို  ဆွေးနွေးတင်ပြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အရမ်းဒုက္ခရောက်နေကြတယ်။ စစ်ကောင်စီကနေပြီးတော့ ဘုရားကျောင်းတွေကို လေယာဉ်နဲ့ ဗုံးကြဲမှုတွေ ပြုလုပ်တယ်။ ဒါကြောင့် အရပ်သားပြည်သူတွေက ထိခိုက်သေဆုံးကြတယ်။ ခရစ်ယာန်တွေကို နှိပ်စက် ညှင်းပန်းမှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီကို အရေးယူနိုင်ဖို့ သွားပြောပြတာ ဖြစ်ပါတယ်။

မေး။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာမှာ တင်ပြဆွေးနွေးတာတွေက အရင်ကတည်းကနေလည်း လုပ်လာခဲ့တာ ဆိုတော့ အရင်ကအခြေအနေနဲ့ ခုလက်ရှိအခြေအနေတွေက ဘာတွေ ထူးခြားပြောင်းလဲသွားလဲဗျ။

ဖြေ။  မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက အမြဲလိုဆက်ဖြစ်နေတာပါ။ စစ်ကောင်စီကနေပြီးတော့ ပြည်သူလူထုကို ဆက်လက် ညှင်းပန်းနှိပ်စက်နေတာကို ထပ်မံပြီးတော့ အမေရိကန် အစိုးရတွေကို ပြောပြပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေက ပိုပြီးခက်ခဲလာတယ် ပြည်သူလူထုတွေကိုလည်း နှိပ်စက်ညှင်းပန်းမှုတွေ ပြုလုပ်နေတာကို ရှင်းလင်းတင်ပြတယ်။ အမေရိကန် အစိုးရဘက်ကလည်း ဒီအကြောင်းအရာတွေနဲ့ ပက်သက်ပြီး သေချာမှတ်သားထာပြီးတော့ အ‌ရေးယူမှုတွေ ပြုလုပ်လာမှာကိုလည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။

မေး။ အဲဒီဆွေးနွေးပွဲက ဘယ်လောက်ထိ အရေးကြီးလဲ ဗျ။ ပြီးတော့ အဲဒီဆွေးနွေးပွဲကနေပြီးတော့ ဘာတွေ ရရှိမယ်လို့ မျှော်လင့်မိလဲ။

ဖြေ။   ဒီဆွေးနွေးပွဲက အမေရိကန် လွှတ်တော်ရုံးက လူတွေလည်း လာရောက်ပါဝင်ကြတယ်။ ကျွန်တော်တို့ ပြောပြတဲ့အရာ တွေကို သေချာမှတ်သားထားပြီး လွှတ်တော်အမတ်တွေနဲ့ တိုင်ပင်ဆွေးနွေးကြတဲ့အချိန် မြန်မာနိုင်ငံမှာ ဘာဖြစ်နေလဲဆိုတာနဲ့ ပက်သက်ပြီး ညီလာခံမှာ သူတို့အနေနဲ့ တင်ပြပေးနိုင်တယ်။ မြန်မာနိုင်ငံ အကြောင်းကို စိတ်ဝင်စားတဲ့ အစိုးရတာဝန်ထမ်းဆောင် တဲ့ လွှတ်တော်အမတ်တွေ အနေနဲ့ မြန်မာအရေးကို အရေးကြီးတဲ့ ကိစ္စတစ်ခုအနေနဲ့ ဆွေးနွေးတင်ပြပေးမှာကို မျှော်လင့်မိပါတယ်။

မေး။  အမေရိကန် လွှတ်တော်အမတ် တွေကနေပြီးတော့ ဘယ်လိုအရာတွေ လုပ်ဆောင်ပေးမယ်လို့ ဂတိပေးခဲ့တာ ရှိခဲ့လဲဗျ။

ဖြေ။   Maryland Senator(လွှတ်တော်အမတ်) Chris Van Hollenကတော့ ကျွန်တော်တို့ တင်ပြတဲ့အရာတွေကို သူကနေပြီးတော့ ဦးဆောင်ပြီး အမေရိကန်သမ္မတထံကို စာတင်ပေးဖို့ ဂတိပေးပါတယ်။ ဒါအပြင် သူဘက်နေပြီးတော့လည်း သူကိုထောက်ခံတဲ့ လွှတ်တော်အမတ်တွေကို ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံအခြေအနေကို သမ္မတထံ စာတင်ပေးမယ်လို့ ဆိုပါတယ်။

မေး။   ။ လက်ရှိ သမ္မတဒေါ်နယ်ထရန့် လက်ထက်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေက ဘာတွေပြောင်းလဲလာနိုင်လဲ။ ထူးခြားလာမယ်လို့ မြင်မိလားဗျ။

ဖြေ။   လက်ရှိ သမ္မတဒေါ်နယ်ထရန့်ရဲ့ လက်ထက်မှာတော့ မြန်မာနိုင်ငံရဲ့ အရေးက ထူးခြားပြီး ပြောင်းလဲလာမယ်လို့တော့ မမြင်မိပါဘူး။ သူအတွက်ပိုပြီး အရေးပါတာကတော့ အမေရိကန်ဖြစ်ပါတယ်။ ပြည်ပကို ပေးနေတဲ့ အကူအညီတွေကိုလည်း ဖြတ်တောက်နေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ သူ့ရဲ့အုပ်ချုပ်မှုကနေ ဘာမှ အမြတ်ရမှာ မဟုတ်တဲ့အတွက် ပြောင်းလဲလာမှာကိုတော့ မမြင်မိပါဘူး။

မေး။   တစ်ဖက်မှာတော့ USAID အကူအညီတွေနဲ့ ပတ်သက်ပြီး ပိတ်ပင်လိုက်တာတွေ ရှိနေပေမယ့် တချို့အမေရိကန် နိုင်ငံသားတွေ ကိုယ်တိုင်ကိုက အဲဒီဆုံးဖြတ်ချက်ကို ကန့်ကွက်  ဆန္ဒပြနေကြတာကိုတွေ့ရတယ်။ ဆိုတော့ USAIDအကူအညီနဲ့ ပက်သက်ပြီးတော့ ဘာတွေ ဖြစ်လာမယ်လို့ မြင်မိလဲဗျ။

ဖြေ။   USAIDအကူအညီနဲ့ ပက်သက်ပြီး ရုပ်သိမ်းဖို့ လုပ်နေတာကိုလည်း သတင်းတွေမှာ မြင်နေရတယ်။ ဒါပေမယ့်လည်း ပြည်သူတွေကနေပြီးတော့ နေတိုင်း ဆန္ဒပြနေတာကို တွေ့နေရတယ်။ ခက်ခဲပြီး ဒုက္ခရောက်နေတဲ့ သူတွေကို ဆက်လက် ကူညီသင့်တဲ့အကြောင်း အမေရိကန်ပြည်သူတွေက ဆန္ဒပြတာကို မြင်တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၄ရက်နေ့မှာ ဒေါ်နယ်ထရန့်ကနေပြီးတော့ မြန်မာနိုင်ငံက အရေးပေါ်အခြေအနေမှာ ရှိနေသေးတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို လက်မှတ်ထိုးပြီး အချိန်တစ်နှစ် ထပ်တိုးထားတယ်။ တစ်နှစ်အတွင်းမှာတော့ တကယ်လိုအပ်တဲ့နေရာတွေကိုတော့ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။ USAIDက ကူညီပေးနေတဲ့ တချို့အကူအညီတွေတော့ ရုပ်သိမ်းသွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခုလက်ရှိ အမေရိကန်အစိုးရကနေပြီးတော့ ပြည်ပဘက်မှာ ငွေကြေးအသုံးပြု တာကို မကြိုက်ဘူး တိုင်းပြည်ထဲက လိုအပ်တဲ့ အရာတွေမှာ အသုံးပြုဖို့ ပိုပြီးရည်ရွယ်တာဖြစ်ပါတယ်။

မေး။   ဆိုတော့ USAIDလို အကူအညီပေးနေတဲ့ အရာတွေ ရုပ်သိမ်းလာနိုင်တယ်ဆိုရင် မြန်မာနိုင်ငံသားတွေအနေနဲ့ကော ဘာတွေပြင်ဆင်ထားသင့်တယ်လို့ မြင်မိပါလဲ။

ဖြေ။   ကျွန်တော့်အနေနဲ့ကတော့ အမေရိကန် အစိုးရကနေ အကူအညီတွေကို ရုပ်သိမ်းလာနိုင်တယ်ဆိုတာကို ကြိုတင်  စဉ်းစားထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်အစိုးရတွေက မြန်မာနိုင်ငံမှာ သူတို့ လိုချင်တဲ့အရာ ဘာမှမရှိဘူး။ ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေချင်တဲ့ ခေါင်းဆောင်တွေ ဖြစ်မှသာမြန်မာနိုင်ငံကို ပိုပြီးမှ ကူညီမှာပါ။ လက်ရှိအခြေအနေကို ကြည့်ရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကြိုးစားရမယ့် အချိန် ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ တပါးတိုင်းပြည်ကို ယုံကြည်ပြီး အလုပ်လုပ်တယ်။ တချို့ ဆိုရင် နိုင်ငံခြားက အကူအညီတွေကို ဘဲ ယုံကြည်ပြီး အလုပ်လုပ်တယ်။ ကျွန်တော်တို့ နိုင်ငံသားတွေကနေပြီးတော့ သူတစ်ပါးရဲ့ အကူအညီတွေကို မမျှော်လင့်ဘဲ ကိုယ့်ကိုယ် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်‌အောင် ကြိုးစားသင့်ပြီ လို့ မြင်မိပါတယ်။

မေး။   လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေမှာ ဆိုရင်လည်း သမ္မတထရန့်ကနေပြီးတော့ အမေရိကန်သမ္မတသက်တမ်း နှစ်ကြိမ်အများဆုံးဘဲ လုပ်ခွင့်ရတဲ့အပေါ်  ဥပဒေတွေကို ပြောင်းလဲပစ်ပြီး သမ္မတသက်တမ်း ထက်တိုးနိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအပေါ်မှာကော ဘယ်လို မြင်မိလဲဗျ ဖြစ်နိုင်မယ်လို့ ထင်လား။

ဖြေ။   အမေရိကန် သမ္မတက သက်တမ်း နှစ်ခေါက်ဘဲ လုပ်လို့ရတယ်ဆိုတာ အခြေခံ ဥပဒေမှာပါတယ်။ အဲဒီထက်ပိုပြီးမှ လုပ်နိုင်မယ့် အခွင့်အရေးတော့မရှိဘူး။ သမ္မတ ဆက်လုပ်လို့ ရလားမရဘူးလားဆိုတာကတော့ အခြေခံဥပဒေက အရမ်းမူတည်ပါတယ်။ အခြေခံ ဥပဒေတွေကို ပြန်ပြင်ရေးလို့ ရှိရင်တော့ သမ္မတသက်တမ်းပြန် တိုးလို့ရမှာပါ။ ဒါပေမယ့် လက်ရှိအခြေအနေက သက်တမ်း ၃ ခေါက် လုပ်နိုင်ဖို့တော့ မတွေ့ပါဘူး။ အမေရိကန်ရဲ့ နိုင်ငံရေးက Check and Balance ဖြစ်ပါတယ်။ ဒါကြောင့် သူတစ်ယောက်တည်းကနေပြီးတော့ လုပ်ချင်သလို လုပ်လို့ မရပါဘူး။ သူထုတ်ထားတဲ့ တချို့ အမိန့်တွေကိုတောင် ဖက်ဒရယ်အစိုးရကနေပြီးတော့ ရပ်တန့်ထားတာတွေ ရှိပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ နိုင်ငံရေးက တစ်စုံတစ်ဦးကဘဲ ကြိုက်သလို ချယ်လှယ်တာမျိုးမဟုတ်ဘဲ အားလုံးသဘောတူလုပ်ဆောင်မှ ပိုကောင်းတဲ့ဘက်ကို ရောက်ရှိမယ်လို့ မျှော်မှန်းတာ ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံမှာ ကြိုက်သလိုပြောပြီး ကြိုက်သလို လုပ်လို့ မရပါဘူး။

မေး။  အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်က ICC ကို လက်မခံတဲ့ မကြိုက်တဲ့သူဆိုတော့ စစ်ကောင်စီကို ပိတ်ဆိုအရေးယူဖို့ ဆော်ဪတာတွေက သူ့လက်ထက်မှာ ထိရောက်ပါ့မလားဗျ

ဖြေ။   အမေရိကန်သမ္မတက ICC ကို တိုက်ခိုက်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်အစိုးရက balance power နိုင်ငံ ဖြစ်ပါတယ်။ အိမ်ဖြူတော် နဲ့ ညီလာခံဆိုပြီးရှိတဲ့အတွက် တစ်ကိုယ်တည်း ကြိုက်သလို ချယ်လှယ်လို့ ရတဲ့နိုင်ငံ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ညီလာခံတွေမှာလည်း အသံတွေထွက်လာကြတာကို တွေ့ရပါတယ်။ ဒါအပြင် အမေရိကန် နိုင်ငံက ပြည်ပနိုင်ငံတွေကို ငွေကြေးအကူအညီအပေးဆုံး နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် အင်အားကြီးသလို ဖြစ်ပြီး သူတို့ငွေကြေး ကူညီထားတဲ့ နိုင်ငံတွေက သူတို့စကား နားထောင်ရသလို ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နိုင်ငံက တာဝန်ရှိသူတွေက Check and Balance လုပ်ကြတဲ့အတွက် ဒေါ်နယ်ထရန့်ကနေပြီးတော့ သူဖြစ်ချင်သလို လုပ်လို့မရပါဘူး။

မေး။   နောက်ဆုံးမေးခွန်းအနေနဲ့က လက်ရှိအခြေအနေအရ ပိုမိုကြပ်တည်းတဲ့ဘက်ကို ရောက်လာတာ ဆိုတော့ နောင်အနာဂတ်မှာ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ ဆက်ဆံရေး အခြေအနေက ဘယ်လိုတွေ ဖြစ်လာနိုင်လဲ။

ဖြေ။   လက်ရှိအစိုးရက အမေရိကန်နိုင်ငံကိုဘဲ ပထမဦးစားပေး ဖြစ်တဲ့အတွက် အရင်အစိုးရတွေလို မြန်မာနိုင်ငံကို ဆက်လက် အကူအညီပေးဖို့တော့ မမြင်မိပါဘူး။ အမေရိကန်အစိုးရကနေပြီးတော့ မြန်မာနိုင်ငံက အကျိုးအမြတ်ရမှာ ဘာမှမရှိဘူး။ ဒါကြောင့် သူတို့အနေနဲ့ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု မရှိတဲ့အတွက်  မြန်မာနိုင်ငံထဲဝင်ပြီး အလုပ်လုပ်ဖို့ကိုတော့ မမြင်မိပါဘူး။

By – Hope

Show More

Related Articles

Back to top button