နာဂ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းဖို့ အလွတ်သဘောတွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နာဂလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ပူးပေါင်းနိုင်ရေး အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ် အန်းမိုင်းဦးဆောင်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နဲ့ ဗိုလ်ချုပ် Singnya ဦးဆောင်တဲ့ နာဂအမျိုးသားကောင်စီ(NNC/FGN) တို့ဟာ နိုင်ငံရေးလမ်းစဥ်နဲ့ ဘုံရပ်တည်ချက်တွေ တူညီတာကြောင့်နိုင်ငံရေးအရ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြဖို့ အလွတ်သဘောတွေ့ဆုံခဲ့ကြတယ်လို့ ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့ NSCN -K အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။
“ဒါဟာ နာဂဒေသတွင်းငြိမ်းချမ်းရေးအတွက်ရှေ့ရှူ့ပြီးနှစ်ဖက်တိုက်ပွဲတွေမရှိဖို့နဲ့ ငြိမ်းချမ်းရေးအတွက်ခြေလှမ်းသစ်တစ်ခုပါ။ အများကြီးတော့မဆွေးနွေးခဲ့ဘူး။ အတူအကွပူးပေါင်းဆောင်ရွက်ကြဖို့ပါပဲ”လို့ NSCN-K အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
NSCN-K ဗိုလ်ချုပ်အန်းမိုင်းအဖွဲ့ဟာ နဂိုရှိနေတဲ့ NSCN-K ယုန်းအောင် အဖွဲ့ကနေ ခွဲထွက်သွားတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး NNC- FGN အဖွဲ့ကတော့ မြန်မာပြည်နဲ့ အိန္ဒိယ နိုင်ငံစလုံးမှာ အခြေချထားပြီး အိန္ဒိယ–မြန်မာ နယ်စပ်တကြောမှာ လှုပ်ရှားနေတဲ့ နာဂလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
အထက်ပါ နာဂလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ အတူအကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ လဟယ်မြို့နယ်ထဲက ဗိုလ်ချုပ်အန်းမိုင်း ထိန်းချုပ်နယ်မြေထဲမှာ တွေ့ဆုံခဲ့ကြပြီး အခုလိုတွေ့ဆုံမှုမျိုးက ပထမအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။
အခုလို နာဂလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းနိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်လို့ နာဂအမျိုးသားရေးကျွမ်းကျင်သူ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦးက အခုလိုသုံးသပ်ပြောဆိုထားပါတယ်။
“နာဂဒေသမှာလည်း ဒီနောက်ပိုင်း လက်နက်ကိုင်တွေ များလာတယ် ဘယ်လိုဖြစ်ဖြစ် တဖွဲ့နဲ့တစ်ဖွဲ့တည့်ကြဖို့က အရေးကြီးပါတယ်။ သူတို့တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်ကြရင်ပြည်သူတွေဒုက္ခရောက်ရတယ်။ ဥပမာပြောရရင် ပြီးခဲ့တဲ့နှစ်က ဗိုလ်ချုပ် အန်းမိုင်းနဲ့ ယုန်းအောင်တို့အဖွဲ့တွေပစ်ကြခတ်ကြလို့ ပြည်သူတွေဒုက္ခရောက်ကြရတယ်။ ကိုယ့်လူကို ကိုယ်ပြန်သတ်နေသလို ကိစ္စတွေကမကောင်းဘူး။ အခုလိုပူးပေါင်းဆောင်ရွက်ကြတာ ကောင်းပါတယ်”လို့ သူကပြောပါတယ်။
ဗိုလ်ချုပ် အန်းမိုင်းဦးဆောင်တဲ့ NSC-K အဖွဲ့ဟာ လက်ရှိ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု မရှိသေးကြောင်း သိရပါတယ်။
NSCN-K ဗိုလ်ချုပ်အန်းမိုင်းအဖွဲ့ဟာ နာဂဒေသထဲက လဟယ်၊ နန်းယွန်း၊ ပန်ဆောင်စတဲ့ဒေသတွေမှာလှုပ်ရှားနေပြီး NNC-FGN အဖွဲ့ကတော့ မြန်ပြည်ထဲက လဟယ်၊ ပန်ဆောင်နယ်စပ်တကြောနဲ့ အိန္ဒိယနိုင်ငံထဲက Assam(အာဆမ်) ၊ ဒီမားပူးလ်၊ အာရိုးနာချလ်စတဲ့ ပြည်နယ်တွေရဲ့ မြန်မာ–အိန္ဒိယနယ်စပ်တကြောမှာ လှုပ်ရှားနေကြောင်း သိရပါတယ်။
နာဂဒေသမှာ လက်ရှိ NSCN-K ဗိုလ်ချုပ်အန်းမိုင်းအဖွဲ့၊ NSCN-K ဗိုလ်ချုပ်ယုန်းအောင်အဖွဲ့၊ NNC/FGN အဖွဲ့ နဲ့ Eastern Naga Defense Army (ENDA )အဖွဲ့ စုစုပေါင်းလက်နက်အဖွဲ့ လေးခုရှိပြီး NSCN-K အန်းမိုင်းအဖွဲ့နဲ့ ENDA အဖွဲ့တို့ဟာ စစ်တပ်အာဏာသိမ်းနောက်ပိုင်းမှ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
Eastern Naga National Organization (ENNO) အရှေ့နာဂအမျိုးသားအဖွဲ့အစည်း Eastern Naga Defence Army (ENDA) အရှေ့နာဂကာကွယ်ရေး တပ်မတော်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာဖွဲ့စည်းပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN – K အဖွဲ့ဥက္ကဋ္ဌ SS Khaplang (ခပ်လန်)ဟာ ၂၀၁၇ ၊ဇွန်လ ၉ ရက်နေ့က ကွယ်လွန်သွားပြီးနောက် ဗိုလ်ချုပ်ယုန်းအောင်ဟာ ခပ်လန်ရဲ့ ရာထူးတာဝန်ကိုဆက်ခံသူဖြစ်လာပါတယ်။
ဗိုလ်ချုပ်ယုန်းအောင် NSCN-K ကိုဦးဆောင်နေစဥ်တွင်း ဒုဗိုလ်ချုပ်တာဝန်ယူထားတဲ့ ဗိုလ်ချုပ်အန်းမိုင်းဟာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ အဖွဲ့ကနေ ခွဲထွက်ပြီး အန်းမိုင်းဦးဆောင်တဲ့ NSCN-K ဆိုပြီး ဖြစ်လာတာ ဖြစ်ပါတယ်။
By – Zaw Zaw