မိုးညှင်းမြို့မှာ ရဲနဲ့ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီးနောက် မြို့တွင်းလုံခြုံရေးတင်းကြပ်လာ

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ စစ်ကောင်စီတပ်လက်အောက်ရဲနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ တို့ ပစ်ခတ်ခံရပြီးနောက် မြို့တွင်းလုံခြုံရေးကို ပိုမိုတင်းကြပ်လာတယ်လို့ မိုးညှင်းမြို့ပြည်သူတွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ မိုးညှင်းမြို့ရှောင်လမ်းမှာ ခရီးသည်ယာဉ်နဲ့လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေးကာ ငွေတောင်းခံ နေတဲ့ စစ်ကောင်စီလက်အောက်ရဲနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင် ၆ ဦးပစ်ခံရတာဖြစ်ပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းကစပြီး မိုးညှင်းမြို့ နေရာအနှံ့ခရီးသွားယာဉ်များနဲ့ပြည်သူတွေကို တားဆီးစစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့ မိုးညှင်းမြို့ခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။
“အရမ်းစစ်တယ်ခရီးသည်ကားတွေကို ပိုစစ်တယ်။ ခုမြို့ထဲမှာ SNA ရော၊ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ လမ်းဆုံ၊လမ်းခွတိုင်းရှိတယ်”လို့ ပြောပါတယ်။
မြို့ခံတွေပြောဆိုချက်အရ ခရီးသည်ယာဉ်များကို မှတ်ပုံတင်နဲ့ ခရီးဆောင်အိတ်ကအစ ဖောက်စစ်ဆေးတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပစ်ခတ်ခံရတဲ့ ရဲနဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ ၆ ဦးအနက် တစ်ဦးပွဲချင်းပြီးသေဆုံးကာ ၄ ဦးဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နောက်ထပ်တစ်ဦး ထွက်ပြေးလွှတ်မြောက်သွားတယ်လို့ သိရပြီး ဒဏ်ရာရသူ ၄ ဦးကို မိုးညှင်းပြည်သူ့ဆေးရုံမှာ လုံခြုံရေးချထားပြီး ဆေးကုသမှုခံယူနေကြတယ်လို့ နောက်ထပ်မိုးညှင်းမြို့ခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။
“ခုသူတို့လူတွေက ဆေးရုံတင်ထားကြတော့ ဆေးရုံအနီးတစ်ဝိုက်ရာ ဆေးရုံဝင်းထဲမှာပါ လုံခြုံရေးချထားတယ်။ ခန့်မှန်းခြေ အင်အား ၄၀ လောက် တော့ရှ်ိနိုင်တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်လက်အောက်ရဲနဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ ပစ်ခံရတာနဲ့ပတ်သက်ပြီး ဒေသခံတွေပြောတာက မိုးညှင်းကာကွယ်ရေးတပ်ဘက်က ဖြစ်နိုင်တယ်လို့ပြောဆိုနေကြပါတယ်။
မိုးညှင်းမြို့မှာ မြို့ပေါ်ရပ်ကွက် ၂၂ ခုရှိပြီး စစ်ကောင်စီလက်အောက်ခံ SNAနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အဓိက လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး မြစ်ကြီးနား– မန္တလေးသွား လမ်းမကြီးပေါ်မှာ ရှိပါတယ်။
By – Zami