သတင်း

လန်ဆယ်ကျေးရွာကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်

ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား တွေနေထိုင်တဲ့ ဘက်ကို တိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လန်ဆယ်ကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက် နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒေသခံတစ်ဦးက ပြည်သူတွေရှိတဲ့ဘက်ဘဲ ဗုံးကထိသွားတာပါ။ လန်ဆယ်ကို တော်လှန်ရေးဖက်က သိမ်းပိုက်ထားတဲ့နောက်မှာ စစ်ကောင်စီ ဘက်က လေယာဥ်နဲ့ ဒုတိယအကြိမ်ဗုံးကြဲခဲ့ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဲ့ဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သား ၅ ဦး ရှိခဲ့တယ်လို့ သိရပေမယ့် နောက်ဆက်တွဲ အခြေနေကို ဖုန်းနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့် KNG က အတည်မပြုနိုင်သေးပါဘူး။

လန်ဆယ်ဒေသကို ဒီတစ်ကြိမ်လေကြာင်းတိုက်ခိုက်မှုက ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့က ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှုမှာတော့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်က ဆဒုံးမြို့နယ်က စာသင်ကျောင်း တစ်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပေါင် ၅၀၀ ဗုံးတစ်လုံး မပေါက်ကွဲခဲ့တာကြောင့် ဒေသခံကလေးငယ်တွေ အသက်ဘေးကင်းခဲ့ရ တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

လန်ဆယ်ကျေးရွာဟာ တရုတ်ပြည်နယ်စပ်မှာရှိပြီး ရဝမ်နဲ့ လီဆူလူမျိုး အများစု နေထိုင်ကြတဲ့ဒေသ ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button