တိုက်ပွဲသတင်း

မြစ်ဆုံ ဒေသမှာ စစ်ကောင်စီ နဲ့ KIA စစ်ရေးတင်းမား

မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံဒေသ တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်အင်အား အများအပြားဝင်ရောက်လာပြီး အင်ခိုင်ဘွမ့်တောင်ခြေ တောလမ်းကတဆင့် ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့အပြင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

မြစ်ဆုံအထက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပစ်ခတ်မှုမကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က တန်ဖရဲကျေးရွာ ဘုရားကျောင်းဝင်းအပါအဝင် နေရာအနှံမှာ တပ်ချကာ စစ်ရေးပြင်ဆင်လျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရေး သတိထားရမဲ့ အနေအထား ရောက်နေတယ်။ စစ်တပ်ဘက်က အင်အားအကုန်ဖြည့်ထားပြီ။ ကြည့်ရတာ အင်အား ၁ ထောင်ဝန်းကျင်လောက်ရှိ လောက်ပြီ။ တန်ဖရဲရွာက KBC ဘုရားကျောင်းမှာ စစ်ကားတွေ အပြည့်ထည့်ထားတယ်။ ကတုတ်ကျင်းတွေလည်း အများကြီးတူးထားတယ်။ အဲဒီမှာ ဗျူဟာမှူးကိုယ်တိုင် ထိုင်နေတယ်။ ရွာအထက် တောင်ဘက်မှာ တိုက်ပွဲဖြစ်နေတာ ရှိတယ်။ စစ်တပ်က အထက်ကို တက်ဖို့ ကြိုးစားနေတယ်။ KIA ကကြားဖြတ် တိုက်ခိုက်နေတယ်။ စစ်တပ်က ကားလမ်းတိုင်းမသွားဘူး တောလမ်းကနေ ထိုးနေတယ်။ လို့ မြစ်ဆုံဒေသအနီး နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

ဒေသခံတွေ သုံးသပ်ချက်အရ လက်ရှိ တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ် အင်အား ၁ ထောင်ဝန်းကျင် တပ်ချထားတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့နယ် နဲ့ ဆွမ်ပရာဘွမ်မြို့နယ်ကြားမှာ စစ်ကောင်စီစီ တပ်စွဲနေရာယူထားတာ တန်ဖရဲကျေးရွာဖြစ်ပြီး အဲဒီအထက် ကျေးရွာတွေကိုတော့ KIA က သိမ်းပိုက်ထားပြီလို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ မြစ်ဆုံအထက်ဘက်ကို စစ်အင်အားဖြည့်လာပြီး အဲဒီစစ်ကြောင်းကို လေယာဉ်ကဆင့် လုံခြုံရေးယူပေးတာ၊ ဗုံးကြဲတာတာတွေအပြင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဟာ ပလန၊ နောင်နန်းကျေးရွာတစ်ဝိုက်ရှိ လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း စစ်ဆေး တားမြစ်မှုတွေ တင်းကြပ်နေတယ်လို့ နောက်ထပ် မြစ်ကြီးနားဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

ထူးခြားနေတာတော့ တွေ့ရတယ်။ တန်ဖရဲဘက်ကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီစစ်ကြောင်းတွေ လှုပ်ရှားသွားလာနေတယ်။ ပလန လမ်းခွဲကနေ စစ်ကောင်စီတပ်ဖွဲ့တွေ နေရာယူပြီးစောင့်တာ နောင်နန်း၊ဂျော်ဘွမ်သွားလမ်းဘက်တွေထိ စောင့်ကြတယ်။ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတယ်။ မိုင်ဘောလုံးကွင်းမရောက်ခင်က ဆီဆိုင်နား ရပ်နေတဲ့စစ်သားတွေဆိုရင် လမ်းသွားလမ်းလာ ကားတွေကိုအဓိက စစ်ဆေးတာတွေရှိတယ်။ သူတို့ တန်ဖရဲဘက်ကို နေ့တိုင်း စစ်ကားတစ်စီး တစ်စီး သွားနေတာ တွေ့ရတယ်။” လို့ မြစ်ကြီးနားနေပြည်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ က မြစ်ဆုံအထက်  KIA သိမ်းပိုက်နေရာယူထားတဲ့ တီယန်ဇွပ်၊ ဝေရှီ (Woi shi) နေရာ ၃ နေရာခန့်ကို စစ်ကောင်စီက လေယာဉ်ဗုံးကြဲခဲ့တဲ့အတွက် KIA တပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ သိရှိရပါတယ်။

ကျနော့်အမြင်ကတော့ စစ်တပ်ဘက်က မြစ်ကြီးနားကို ပတ်ပတ်လည်အင်အားဖြည့်တင်းနေတယ်လို့ မြင်တယ်။ အထက်ဘက်ကို သူတို့ ထိုးစစ်ဆင်နိုင်သလောက် စစ်ကြောင်းထိုးကြည့်မယ်ပေါ့။ ဒါပေမဲ့ အဓိကတော့ မြစ်ကြီးနားကို အကာအကွယ်ပြုလိုနေတာတွေ့ရတယ်။ အခု ဗန်းမော်က ပြီးစီးခါနီးဘက်ဖြစ်လာတော့ ဗန်းမော်လို မဖြစ်ဖို့ မြစ်ကြီးနားကို ကြိုတင်ပြင်ဆင်နေပြီလို့ သုံးသပ်မိတယ်။” လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကပြောဆိုပါတယ်။

 ဖေဖော်ဝါရီ ၇ ရက်နေ့ညကလည်း  KIA တပ်မဟာ ၁ ၊ ဆမ်ဒုံ (Samdung) ကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ၃ ကြိမ် လာရောက်ဗုံးကြဲခဲ့ပါတယ်။

ဒါ့အပြင် ပူတာအိုမြို့တွင်းက စစ်ကောင်စီတပ်တွေကိုလည်း လုံရှာယန်ဘက်ကို စစ်အင်အား ပို့ဆောင်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

လက်ရှိ ပူတာအို နဲ့ ဆွမ်ပရာဘွမ်ကြားရှိ ဆွမ်ပီယန်ကျေးရွာကို စစ်ကောင်စီတပ်က တပ်စွဲထားပြီး ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ်ပူတာအို စတဲ့ကားလမ်းမတစ်ကြောရှိ ဒေသခံတွေနဲ့ စစ်ရှောင်တွေကတော့ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် စိုးရိမ်မှုရှိနေတယ်လို့ ဆိုပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button