
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သား ၄၀ ခန့်ကို KIA ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သလို ကျန်ရှိတပ်ရင်းတွေကိုလည်း ပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
“ဒီရက်ပိုင်းအတွင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတာဟုတ်တယ်။ လက်နက်ချဝင်လာတာလည်းပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ အတွင်း ဖမ်းမိတာလည်းပါတယ်။ အားလုံး ၄၀ ကျော်လောက်ရှိမယ်ထင်တယ်” လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကို ပြောပါတယ်။
ဇန်နဝါရီလဆန်းကတည်းက တဖန်စတင်လာတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ လေယာဉ်ကွင်းတပ်၊ အမြောက်တပ်ရင်းအမှတ် ၃၆၆၊ တင့်ကားတပ်ရင်း အမှတ် ၅၀၁၄ တွေကို သိမ်းပိုက်ထားပြီလို့ သိရပါတယ်။
KIA ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က လေယာဉ်ကွင်းအနီးရှိ အမှတ် ၃၆၆ အမြောက်တပ်ကို သိမ်းပိုက်လိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းကို ထပ်မံသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့မှာပဲ အမှတ် ၆၀၀၇ သံချပ်ကာတပ်ရင်းကို KIA က တပြိုင်တည်းသိမ်းပိုက်လိုက်တဲ့အတွက် ဇန်နဝါရီလဆန်းပိုင်းကနေ စတင်ဖြစ်ပွားတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ သံချပ်ကာတပ်ရင်း ၆၀၀၇ ၊ အမြောက်တပ် ၃၆၆ ၊ တင့်ကားတပ် ၅၀၁၄ ၊ လေယာဉ်ကွင်းတပ် အသီးသီးကို KIA က သိမ်းပိုက်ထားပြီလို့ သိရပါတယ်။
သို့သော်လည်း လက်ရှိမှာ အမြောက်တပ် ၃၆၆ ကို စစ်ကောင်စီတပ်က လက်နက်ကြီး ဒရုန်းဖြင့်တန်ပြန်ထိုးစစ်ဆင် လာတဲ့အတွက် တိုက်ပွဲပြင်းနေဆဲဖြစ်တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ ကျော်ခန့်ကို KIA ဖမ်းဆီးရမိတဲ့ သတင်းနဲ့ ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကို မေးမြန်းရာ “သေချာတော့ မကြားမိသေးဘူး။ အဲ့ကြောင့် အတည်ပြုပေးဖို့တော့ ခက်တယ်။ ဒါပေမယ့် မဟုတ်ဘူးလို့လည်း မပြောနိုင်ပါဘူး” လို့ ပြောပါတယ်။
ဗန်းမော်မြို့မှာ လက်ရှိ သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း ဆိုဆိုဒ်ဒရုန်း (Suicide) ဒရုန်းတွေနဲ့ ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဗန်းမော် စစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြစ်ကြီးနားမြို့နယ်က တဖရဲကျေးရွာ၊ ဆော့လော်မြို့နယ်ရှိ လန်ဆယ်ဒေသ၊ ဝိုင်းမော်မြိုနယ်ရှိ ဆဒုံး နဲ့ လိုင်ဇာမြို့တွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)