သတင်း

ပူတာအို မြို့တွင်းမှာ အစစ်အဆေး တင်းကြပ်

ပူတာအိုမြို့ပေါ်မှာ ယခုရက်ပိုင်း စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမှုတွေ ယခင်ထက် ပိုမို လုပ်ဆောင်လာတယ်လို့ ဒေသခံတွေ ပြောပါတယ်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၅ ရက်နေ့ကစလို့ ပူတာအိုမြို့တွင်း လမ်းဆုံ လမ်းခွ နေရာတွေမှာ ညအချိန် စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာနေတယ်လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ပူတာအိုမြို့ အဝင်ပေါ့ မြစ်ကြီးနားဘက် ဆင်းတဲ့လမ်း နဲ့ နောင်မွန် ခေါင်လန်ဖူးဘက်ကို တက်တဲ့ လမ်းဆုံနေရာ သားဖသုံးယောက် ရုပ်တုနားမှာ စစ်တာ ဟုတ်တယ် ညတိုင်းပဲ လေး၊ ငါးညလောက်ရှိပြီ စစ်နေတာ ညမိုးနည်းနည်းချုပ်တာနဲ့ စစစ်တာပဲလို့ အသက် ၃၀ ကျော်အရွယ် ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ဆေးမှု ပြုလုပ်နေတဲ့နေရာတွေဟာ သုတ္တန်ရပ်ကွက်အတွင်း ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာ တစ်နေရာနဲ့ လေယာဥ်ကွင်း ရပ်ကွက်အတွင်းရှိ ပူတာအို နောင်မွန် ခေါင်လန်ဖူးသွားလမ်း စတဲ့နေရာတွေမှာ ည ၆ နာရီကနေ ၈ နာရီ ဝန်းကျင်အထိ ညတိုင်း စစ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဘယ်ကနေလာသလဲ မေးတယ် ပြီးတော့ဘယ်ကိုသွားမှာလဲ။ အိမ်က ဘယ်ရပ်ကွက်မှာရှိတာလဲ အဲ့လိုမျိုးတွေ မေးတယ်။ ပြီးရင် ဆိုင်ကယ်ပေါ်က ဆင်းခိုင်းပြီး တူးဘောက်တွေ ဖွင့်စစ်တယ်။ အိတ်တွေလည်း ဖွင့်စစ်တာရှိတယ်လို့ အထက်ဖော်ပြပါ ပူတာအိုမြို့ခံ အမျိုးသားက ဆက်ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ မြို့တွင်းမှာ တင်းတင်းကြပ်ကြပ်စစ်ဆေးလာတာဟာ ပြီးခဲ့တဲ့ အပတ်က ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက်ရှိ ခ..ရ ၄၆ တပ်ရင်းမှာ ဒရုန်းတစ်စီး ဝဲပျံခဲ့ပြီးနောက် အခုလို အစစ်အဆေး တင်းကြပ်လာတာလို့ စစ်တပ်က နီးစပ်သူတွေဆီကနေ သိရပါတယ်။

အခုတလောညဘက်အစစ်အဆေး များနေတာဟုတ်တယ်။ ဟိုနေ့က ၄၆ တပ်ပေါ်မှာ ဒရုန်းတစ်စီးပျံတယ် သူတို့ရဲ့ (စစ်ကောင်စီတပ်) ရဲ့ ဒရုန်းမဟုတ်ဘူး။ ဘယ်ကဒရုန်းလဲမသိဘူး အဲ့ကြောင့် အခြေအနေမဟန်လို့ စစ်နေတာဟုတ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အမျိုးသားက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပူတာအိုမြို့တွင်းမှာ အခုလို အစစ်အဆေးတင်းကြပ်ထားတဲ့အပြင် ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းရှိ ဆွမ်ပီယာန်၊ လုံရှာယန်၊ တန်ဂျာစတဲ့ ကျေးရွာတွေမှာလည်း စစ်အင်အားတွေဖြည့်တင်ထားပြီး စစ်ရေးလှုပ်ရှားမှုတွေ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။

ပူတာအိုခရိုင်ရှိခေါင်လန်ဖူးမြို့နယ်ထဲက ခေါင်လန်ဖူးဌာနေပြည်သူ့စစ် တပ်ဖွဲ့ရဲ့ လာဟူဆယ် မဆုတ်တမ်းခံစစ်စခန်းသိမ်းပိုက်ခံလိုက်ရပြီးနောက် ပူတာအိုခေါင်လန်ဖူးကားလမ်းကို ရီဒမ်းဂိတ်ကနေပိတ်ထားသလို လောလောဆယ် မြစ်ကြီးနား ပူတာအိုကားလမ်းပိုင်းမှာလည်း လူငယ်တွေခရီးသွားလာခွင့်ကို စစ်ကောင်စီတပ်ဘက်က ပိတ်ထားပါတယ်။

၂၀၂၄ ခုနှစ် မေလတုန်းက KIAKPDF ပူးပေါင်းတပ်တွေတပ်တွေသိမ်းပိုက်ထားတဲ့ဆွမ်ပရာဘွမ်မြို့ကို စစ်ကောင်စီတပ်ဘက်က ပြန်သိမ်းယူမယ်လို့ ပူတာအိုမြို့ခံတွေကြားသတင်းထွက်ပေါ်နေတယ်လို့ဆိုနေကြပေမယ့် KNG ကို သီးခြား အတည်မပြုနိုင်သေးပါဘူး။

By – Zaw Zaw

Show More

Related Articles

Back to top button