၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် OKFA စခန်းဟောင်းမှာ မနောင်ပွဲ ကျင်းပ

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ထိုင်း–မြန်မာ နယ်စပ် ထမ်းငေါ့ (Htam Ngawp) တောင်ပေါ်မှာ ကချင်အမျိုးသားတော်လှန်ရေးနေ့ ၆၄ နှစ်မြောက် နဲ့ Office of Kachin Foreign affairs Camp OKFA မနောင်ကျင်းပခဲ့ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ရိုးရာမနောင်ပွဲ ပြန်လည် ကျင်းပခဲ့ပါတယ်။
မနောင်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ကျင်းပခဲ့တာဖြစ်ပြီး ဖိနှိပ်ခံဘဝကနေ လွတ်မြောက်ဖို့၊ တန်းတူအခွင့်အရေးရရှိဖို့ ၁၉၆၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ကချင်အမျိုးသား တော်လှန်ရေးခရီး နဲ့ပတ်သက်ပြီး ပွဲဖြစ်မြောက်ရေးတာဝန်ခံ ဦးဂေါင်ရီလဖိုင်ဂျဝါဇော် က အခုလိုပြောပါတယ်။
“ထိုင်းနိုင်ငံမှာရှိတဲ့ကချင်တိုင်းရင်းသားတွေက ရှေးတုန်းကတည်းကနေ ဒီနေရာမှာလာရောက်တွေ့ဆုံကြပြီး အမျိုးသားရေး တွေလှုပ်ရှားခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေအပြင် ထိုင်းနိုင်ငံမှာရှိတဲ့ကချင်တိုင်းရင်းသားတွေအနေနဲ့ဒီမှာနေထိုင်ခဲ့ကြ တယ်ဆိုတာကို အစိုးရတွေကိုရော၊ ကျနော်တို့ကချင်တိုင်းရင်းသားတွေကိုပါသိရှိစေဖို့အတွက် ခေါ်ပြပေးချင်တဲ့ရည်ရွယ် ချက်ဖြစ်ပါတယ်။” လို့ ပြောပါတယ်။
မြန်မာနိုင်ငံ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေထဲမှာ အင်အားကြီးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို
၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး အဲ့ဒီနေ့ကို တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယနေ့ခေတ် တော်လှန်ရေးအပေါ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းက တော်လှန်ရေးလုပ်ခဲ့သူ KIA ရဲဘော်ဟောင်း ဦးခေါင်ဟောင်းက သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။
“အခုဒီတစ်ခေါက်တော့ တစ်နိုင်ငံလုံးရဲ့လှုပ်ရှားမှုတွေပါလာတော့ အဲ့တာကအားရစရာ။ ဒါပေမဲ့ အဖွဲ့အစည်းက အများကြီး ပေါ်လာပြီ။ အဖွဲ့အစည်းတိုင်းက လက်နက်ရှိတယ်။ လက်နက်ကိုင်တဲ့ အဖွဲ့တိုင်းက စုစုစည်းစည်းတော်လှန်မှ ကျနော်တို့ တော်လှန်ရေးအောင်မြင်မယ်။ ကျနော်တို့တော်လှန်ရေးမအောင်မြင်ခင်မှာ ကျနော်တို့က လက်နက်ကိုင်ပြီးမှ တစ်ဖွဲ့နဲ့ တစ်ဖွဲ့အားချင်းပြိုင်တဲ့သဘောတွေပေါ်လာမယ်ဆိုရင် စကစရဲ့ အကွက်ထဲမှာ ကျနော်တို့မိသွားမယ်။” လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ ဒီပွဲကို ယခင် OKFA ပြည်ပ နိုင်ငံခြားဆက်ဆံရေးအဖြစ် ရောက်ရှိလာကြတဲ့ KIA တပ်ဖွဲ့ဝင်ဟောင်းတစ်ချို့ အပြင် ပထမဆုံးသော KIO/KIA ဥက္ကဋ္ဌဟောင်း GOC Lahtaw Zau Seng ရဲ့ အမျိုးသမီးနဲ့ မိသားစုဝင်တွေပါ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြီးပြင်းလာကြတဲ့ ကချင်လူမျိုးတွေအပြင် အခြားသောမြန်မာပြည်ဖွားတိုင်းရင်းသားတွေ လူဦးရေ စုစုပေါင်း ၃၀၀ ဝန်းကျင် ပါဝင်ခဲ့ကြပါတယ်။
ဒီပွဲကို တက်ရောက်လာသူတွေထဲက ထိုင်းနိုင်ငံမှာ မွေးဖွားပြီးကြီးပြင်းခဲ့သူ မ ရွယ်ဂျာ ကတော့ “ကျမတို့အနေနဲ့ ဒီမှာ ကြီးပျင်းလာတာတော့ ဟုတ်ပေမယ့်လည်း ကချင်ပြည်နယ်မှာ ဘာတွေဖြစ်ပျက်ခဲ့တာလည်း ဆိုတာနဲ့ ပတ်သက်ပြီး ကျမတို့ ဘိုးဘေးတွေ မိဘတွေက အမြဲပြောပြပေးခဲ့တဲ့အတွက် အမြဲသတိရနေပါတယ်။ ပြီးတော့ ကချင်ပြည် နယ်မှာရှိတဲ့ ကျွန်မတို ကချင်လူမျိုးတွေကို ဘာပြောချင်လဲဆိုတော့ ကိုယ်ရဲ့မျိုးရိုးနဲ့ ကချင်လူမျိုးဖြစ်တယ်ဆိုတာကို ဘယ်တော့မှမမေ့ပါဘူး။ ဒါကြောင့် ဒီနေ့ကတော်လှန်ရေးနေ့ ဖြစ်တဲ့အတွက် ဘိုးဘေးတွေကြိုးစားခဲ့တဲ့အရာတွေကို နိုင်ငံခြားမှာ ရှိတဲ့လူငယ်တွေအနေနဲ့လည်း တိုင်းပြည်ရလာတဲ့အချိန်တွေမှာ ကိုယ့်မှာ ရှိတဲ့ အရည်အချင်းတွေနဲ့ တည်ဆောက် သွားမယ်လို့ ပြောချင်ပါတယ်။” လို့ပြောပါတယ်။
ထမ်ငေါ့ တောင်ပေါ်မှာ ကချင်အာဇာနည်ခေါင်းဆောင် GOC Lahtaw Zau Seng နဲ့ KIAတပ်ဖွဲ့ဝင်တွေတစ်ချို့ဟာ Office of Kachin Foreign Affairs Camp ပြည်ပ နိုင်ငံခြားဆက်ဆံရေးအဖြစ် စခန်းချနေထိုင်ခဲ့ကြတဲ့နေရာလည်း ဖြစ်ပါတယ်။
လွန်ခဲ့သော ၁၉၇၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း အဲ့ဒီထမ်ငေါ့တောင်ပေါ်မှာ အဲဒီချိန်က ရောက်ရှိ နေတဲ့ Goc Zau Seng နဲ့ အဖွဲ့u မနောင်အက ဆင်နွှဲခဲ့ကြပါတယ်။
ဒီတစ်ကြိမ်ကတော့ ၁၉၇၅ နှစ်မှာ ယနေ့အထိ နှစ် ၅၀ ကြာမှ ဒီတောင်ပေါ်မှာ အခုလိုပြန်လည်ကျင်းပနိုင်ခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်။
ယခုနှစ်ကျရောက်တဲ့ ၆၄ နှစ်မြောက် ကချင် တော်လှန်ရေးနေ့ပွဲ နဲ့ OKFA Camp မနောင်ပွဲ နှစ် ၅၀ ပြည့် ဖြစ်မြောက်ရေးအတွက် KIO ဗဟိုဌာနချုပ်က ကူညီထောက်ပံ့ခဲ့သလို အစီစဉ်မှာ လက်ရှိ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ တော်လှန်ရေးနေ့ မိန့်ခွန်းကိုလည်း ဖတ်ကြားခဲ့ပါတယ်။
By – အမိုး