တပ်သားသစ်စုဆောင်းမှု နဲ့ အခွန်ကောက်ခံမှုကြောင့် ဒေသခံတွေ သွားလာရေးမှာ အခက်ကြုံ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆေင်းမှုနဲ့ အခွန်ကောက်ခံမှုတွေကြား ဒေသခံတွေ သွားလာရေး အခက်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက မိုးညှင်းမြို့နယ်အတွင်း တပ်သားသစ် စုဆောင်းမှုတွေဆက်တိုက် လုပ်နေသလို ရှမ်းနီပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်က တပ်သားသစ် စုဆောင်းမှုနဲ့ ဂိတ်ချအခွန်ကောက်ခံမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ က ဆိုပါတယ်။
မိုးညှင်းမြို့နယ် ဒေသခံအမျိုးသား တစ်ဦးက “အရင်အပတ်ကတော့ မိုးညှင်းမှာ တော်တော်လေး ဆိုးရွားလာပါတယ်။ မိုင်းနောင် ဘက်ကိုတော့ အခုထိ ကချင်တွေ သွားလာ လို့မရပါဘူး။ ဗမာတွေတောင် ရပ်ကွက်၊ ရဲစခန်းထောက်ခံစာပါမှ သွားခိုင်းတာမျိုး မျဥ်းစောင်းတွေကြည့်ပြီး ပိုက်ဆံကောက် တာတွေရှိနေဆဲပါ။ KIA၊PDF ဘက်တော့ စုဆောင်းရေး လုပ်တာ ပိုများတယ်။ ကားပေါ် ပါလာတဲ့လူငယ်တိုင်း နီးပါး ခရီးသွား မရအောင်ထိ ဖြစ်ပါတယ်။ ပါလာတဲ့လူငယ်တိုင်း ခေါ်ချတာခံခဲ့ရတယ်” လို့ လက်ရှိဒေသခံတွေ ကြုံနေရတဲ့အခြေနေကို ရှင်းပြပါတယ်။
မိုင်းနောင် ကျေးရွာမှာ မိုးညှင်းမြို့နယ်အတွင်းပါဝင်ပြီး အင်းတော်ကြီးရေကန် နဘေးတည်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်းနီပြည်သူ့စစ် နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ မိုင်းနောင်ရွာအနီးမှာရှိတဲ့ နန့်မွန်းခရစ်ယာန်ဘုရားကျောင်းမှာ တပ်ချနေရာယူထားတယ်လို့ သိရပါတယ်။
“နန့်မွန်းဘုရားကျောင်းမှာ သူတို့ (ရှမ်းနီပြည်သူ့စစ်)က အခြေချထားပါတယ်။ ဘုရားကျောင်းကိုထိန်းသိမ်းထားတာ ၇လ ၈လ လောက်ရှိနေပါပြီ။ ရွာသားတွေလည်းတိမ်းရှောင်နေရတာ အဲ့ဒီလလောက် ရှိနေပါပြီ“ လို့ ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ KPDF တပ်ဖွဲ့ကလည်း တပ်သားသစ်များ လိုအပ်လျှက်ရှိကြောင်း နဲ့ တပ်သားသစ်တွေကို နွေးထွေးစွာကြိုဆိုကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဟိုပင် KPDF ပြန်ကြားရေးတာဝန်ခံ က “SNA က ဟိုပင်ဒေသ တစ်ဝှိုက်မှာ နေ့ရောညပါ မရှောင် အဓမ္မ အတင်းစုဆောင်းရေး ဆွဲနေတယ်လို့ ကြားရတယ်။ အဲ့အတွက် PDF ကို ဝင်လာမယ့် သူတွေ၊ ဝင်ချင်စိတ်ရှိတဲ့သူတွေကို အမြဲတမ်းလက်ခံ ကြိုဆိုနေတယ်ဆိုတာကို ပြန်ပြီးထုတ်ပြန်ခြင်း ဖြစ်ပါ တယ်” လို့ ထုတ်ပြန်ချက်ရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။
ဇန်နဝါရီလကစလို့ စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ မိုးညှင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှား ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး KIA ပူးပေါင်းတပ်တွေနဲ့ စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။ အင်းတော်ကြီးကန်ရှိရာ ဒေသ တစ်ဝှိုက်မှာလည်း နှစ်ဖက်တပ်တွေကြား မကြာခဏ လမ်းပိုင်းပိတ်ပင်တားမြစ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ကတော့ မိုးညှင်းမြို့ရှောင်လမ်းတစ်နေရာမှာ ဂိတ်ချငွေကောက်ခံနေတဲ့ စစ်ကောင်စီ နဲ့ ရှမ်းနီ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး တပ်သားတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းကစလို့ မိုးညှင်း မြို့နယ်အတွင်း စစ်ဆေးတင်းကြပ်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။
By – အမိုး