သတင်း

ကချင်မှာ တစ်ပတ်အတွင်း စစ်ကောင်စီ ၅ နေရာခန့်ကို ဗုံးကြဲတိုက်ခိုက်

ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ကချင်ပြည်နယ်ထဲက တိုက်ပွဲမဖြစ်တဲ့ လူနေကျေးရွာတွေကို ဦးတည်ပြီး စစ်ကောင်စီရဲ့ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံနေရတယ်လို့ သိရပါတယ်။

တစ်ပတ်တာအတွင်း KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ မုန်းဆိုင်ယန် (Mung Seng Yang) ၊ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပေါ်ရှိ ဝေရှီ (Wai-shi)ကျေးရွာ ၊ အင်ဂျန့်ယန်လမ်းပေါ်က တန်ဘောင်ယန် (Tangbau Yang)ကျေးရွာ ၊ လန်ဆယ် ကျေးရွာ၊ ဆဒုံးမြို့အနီး ယင်းဖြူ့ကျေးရွာ နဲ့ ဝိုင်းမော်မြို့အနီး တဝိုက်နေရာတွေမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို အရပ်သားပစ်မှတ်တွေကို လေယာဉ်ဗုံးကြဲတိုက်ခိုက်နေမှုမှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ တခြားနေရာတွေကို မြေပြင် စစ်ကြောင်းထိုး သွားလာဖို့ ခက်ခဲသွားတဲ့အတွက် လေကြောင်းအသုံးပြု ခြိမ်းခြောက်နေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောပါတယ်။

“မြေပြင်ကနေ စစ်ကြောင်းထိုး တာတွေ သိပ်မလုပ်နိုင်တော့တာဖြစ်တဲ့အတွက် လေကြောင်းနဲ့ အကြောင်းမဲ့ လိုက်တိုက်ခိုက်နေတယ်လို့ပဲ မြင်ပါတယ်။ ပြီးရင် ဗန်းမော်ဘက်မှာလည်း တိုက်ပွဲက ဆက်ပြင်းထန်နေတာဖြစ်တဲ့အတွက် အခုလို တိုက်ပွဲမရှိတဲ့ နေရာတွေဘက်ကို တမင်စစ်ခြေဆွဲတယ်လို့လည်းမြင်တယ်” လို့ ပြောပါတယ်။

နှစ်လ ဝန်းကျင်ခန့်အထိ မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က ဗန်းမော်မြို့တစ်ခုလုံး အတွက် အရေးပါတဲ့ တပ်ရင်းတစ်ချို့ကို လက်လွတ်လိုက်ရသလို စစ်ကောင်စီတပ်သားတွေ အများအပြာရှိနေတဲ့ စကခ ၂၁ တပ်ရင်းလည်း ဝိုင်းရံပိတ်ဆို့ခံရနေရတာကြောင့် တစ်ဖက်မှာ တန်ပြန်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆော့လော် မြို့နယ်အသီးသီး ၅ နေရာလောက်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားသေဆုံးမှုရှိခဲ့သလို အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က လက်ရှိ KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာမှာ ဗုံးကြဲတိုက်ခိုက်ခံရ မှုကြောင့် အရပ်သား ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး၊ ကျောင်းဆောင်နဲ့ နေအိမ်အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ လန်ဆယ်ဒေသခံတွေ ဆီကနေ သိရပါတယ်။

ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အထက် ယင်းဖြူ့ မှာ စစ်ကောင်စီက ၃ ကြိမ်ခန့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီဖြစ်စဉ်မှာ လေယာဉ်ဗုံးတစ်လုံးက ဆဒုံးမြို့ စာသင်ကျောင်းအနီးမှာ မပေါက်ကွဲကျန်ရှိနေခဲ့တယ်လို့ ဆဒုံးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“လာပစ်တာက ၇ ရက်နေ့ဟုတ်တယ်။ ညနေပိုင်း ၂ နာရီနဲ့ ၃ နာရီကြားမှာလာပစ်တာ။ ဂျက်လေယာဉ်နဲ့လာပစ်တာ။ လာပစ်တဲ့နေရာက ဆဒုံးရွာနဲ့တော့ သိပ်မနီးဘူး။ နယ်စပ်အထက်ယင်းဖြူ့မှာဟုတ်တယ်။ အဲ့မှာလာပစ်တဲ့ ဗုံးတစ်လုံးက စာသင်ကျောင်း နားမှာလာကျတာ။ လူထိခိုက်တာတော့ မရှိဘူး။ ဒါပေမယ့် ပြည်သူတွေက စိုးရိမ်နေကြတာပေါ့”လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာလည်း မြစ်ဆုံအထက် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တယန်ဇွပ်၊ ဝေရှီစတဲ့ နေရာတွေမှာ ၃ ကြိမ်ခန့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၂ ဦး သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညမှာလည်း ဝိုင်းမော်မြို့ နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ရှိတယ်လို့ ယူဆလို့ရတဲ့ နေရာဘက်ကို စစ်တပ်ကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ဝိုင်းမော်ဒေသခံတွေ ဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်ထဲမှာ မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့မှာလည်း ဗန်းမော်မြို့လက်မလွတ်ရေးအတွက် လေကြောင်းနဲ့ နေ့စဉ်အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button