စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် ဝါရာဇွပ်ဒေသခံတစ်ဦး သေဆုံး

ဟူးကောင့်ချိုင့်ဝှမ်းဒေသ၊ လီဒိုလမ်းမပေါ် ၊ ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်တစ်ချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင် ဂျက်လေယာဉ်တစ်စီးနဲ့ ဝါရာဇွပ်ကျေးရွာအလည်တည့်တည့်ကို ဗုံး ၂ လုံး လာရောက် ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။
“၁၇ ရက်နေ့ မနေ့က ညနေပိုင်း ၃ နာရီလောက်မှာ လေယာဉ် ဗုံး ၂ လုံး ရွာအလယ်ကို လာကြဲသွားတယ်။ အဲဒီမှာ အရပ်သားတစ်ဦး သေဆုံးခဲ့ရတယ်။ မင်းဇေသန့်ရဲ့ လုပ်ရပ်က စစ်ကို မတိုက်ဘဲ အရပ်သားကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်။ ရွာထဲမှာလည်း KIA တပ်တွေ တအားကြီး သွားလာလှုပ်ရှားနေတာလည်းမဟုတ်ဘူး။ အမှန်တော့ KIA တပ်တွေက ပြည်သူ့စစ်တွေရှိတဲ့ ရှဒူးဇွပ်ပတ်ဝန်းကျင်တွေမှာပဲ ရှိကြတယ်လို့ထင်တယ်။ ဒါပေမယ့် အခု မင်းဇေသန့် တိုက်ခိုက်နေတာက ရွာကိုပဲလာပစ်နေတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ အသက် ၂၇ နှစ်အရွယ် လဗျဘရန်မိုင် ဦးခေါင်မှာ ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ရသလို နေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လေယာဉ် ဗုံး နှစ်လုံးဟာ စာသင်းကျောင်းအနောက်ဘက်ခြမ်းမှာ ကျမှန်ပေါက်ကွဲခဲ့တဲ့အတွက် နေအိမ်ထိမှန်ပြီး အရပ်သားသေဆုံးမှုရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံပြည်သူတစ်ဦးရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်ဟာ ကျေးရွာစာသင်ကျောင်းကို ပစ်မှတ်ထား လာရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပေမယ့် စာသင်ကျောင်းအနောက်ဘက်မှာ ကျမှန်ခဲ့တာကြောင့် အရပ်သား သေဆုံးမှုနည်းခဲ့တယ်လို့လည်း ဆိုပါတယ်။
“မနေ့က ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် ကျောင်းသားတွေ ကျောင်းဖွင့်နေတာကို ချိန်တယ်လို့ မြင်တယ်။ သူတို့လာချသွားတဲ့ လေယာဉ်ဗုံးတွေက စာသင်ကျောင်းကို ကျော်သွားတယ်။ ဒါကြောင့် ကျောင်းသားတွေက ဘာမှ မဖြစ်သွားဘူး။ ဗုံးကျမှန်တဲ့ နေအိမ်လောက်ပဲ ထိသွားတာ။ အခုလေယာဉ်ဗုံးမှန်သွားတဲ့ အိမ်က ဦးလဗျအိမ်၊ ရွာအလယ်တည့်တည့်မှာကို ကျတာ။ ဦးလဗျအိမ်က အကုန်မီးလောင်ပြာကျသွားတယ်။ အထက်မှာရှိတဲ့ ဦးလဘန်နော်ဒင့်အိမ်က ပွင့်ထွက်သွားတယ်။ လမုန်ဘရန်နန်အိမ်ကလည်း လောင်သွားတယ်” လို့ ပြောပါတယ်။
လေကြောင်း နဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုအပြီး မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေက ဒရုန်းနဲ့ ၄ ကြိမ် ထက်မနည်း ထပ်မံလာရောက်တိုက်ခိုက်ခဲ့ပေမယ့် အရပ်သားသေဆုံးမှု မရှိခဲ့ဘူးလို့လည်း ဆက်လက် သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ဖေဖော်ဝါရီလ ၅ ရက်နေ့နောက်ပိုင်းကစတင်ပြီး နောင်းမီကျေးရွာကနေ ဝါရာဇွပ်ကျေးရွာကို ဖြတ်တဲ့ ပြည်ထောင်စု ကားလမ်းမကြီးကို အသွားအလာကန့်သတ်ပြီး စစ်ရေး လှုပ်ရှားလာတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့နဲ့ KIA တပ်မဟာ ၂ တပ်ရင်း ၁၄ တို့ကြား စစ်ရေးတင်မားနေတာ ၁၀ ရက် ကျော်ခန့် ရှိလာပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း နေ့တိုင်းလိုလို မင်းဇေသန့်အဖွဲ့က ဒရုန်းနဲ့ လာရောက် ပစ်ခတ်နေတယ်လို့လည်း နောက်ထပ် ဒေသခံတစ်ဦးက အခုလို ဆက်ပြောပါတယ်။
“ပြည်သူ့စစ်အဖွဲ့တွေ နေ့တိုင်းလိုလို ဒရုန်းနဲ့ လာပစ်လို့ ဝါရာဇွပ်ဒေသခံတွေ ဘယ်သူမှ ရွာထဲမှာ မနေရဲကြတော့ဘူး အကုန်ထွက်ပြေးကုန်ပြီ။ ဒရုန်းလာပစ်တဲ့အခါ ပြည်သူ့စစ်တပ်စခန်းရှိတဲ့ စံပြကျေးရွာကနေ၊ ဒါမဟုတ် ဝါရာဇွပ်ကျေးရွာ မရောက်ခင် ဘန်ကောက်ကျေးရွာအထိ လာပြီး လာပစ်တယ်” လို့ ပြောပါတယ်။
လက်ရှိ ဝါရာဇွပ်ကျေးရွာဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ရတဲ့အပြင် မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့တွေရဲ့ ဒရုန်းလက်နက်ကြီးတွေ နေ့တိုင်းလိုလို ပစ်ခတ်ခံရတဲ့အတွက် ဝါရာဇွပ်ဒေသခံပြည်သူတွေဟာ နေစဉ် ကျေးရွာကနေ ဘေးလွတ်ရာ တောနေရာမှာ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေ တပ်ချထားတဲ့ စံပြကျေးရွာရှိ ပြည်သူ့စစ်တပ်စခန်းကို KIA က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့စစ်တပ်သား ၃ ဦးထက်မနည်း သေဆုံးမှုရှိခဲ့တယ်လို့ သိရှိရပါတယ်။
တစ်နှစ်ကျော်ခန့်အကြာ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့နဲ့ KIA တပ်တွေကြား တိုက်ပွဲ ငြိမ်သက်သွားတဲ့ ရှဒူးဇွပ်၊ ဝါရာဇွပ်ဒေသမှာ တစ်ဖန် စစ်ရေးပြန်လည်တင်းမာလာတာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ လဝါးကျေးရွာမှာ အထိုင်ချထားတဲ့ KIA တပ်စခန်းတစ်ခုကို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေရဲ့တိုက်ခိုက်ခံရတာကြောင့် KIA တပ်သား ၄ ဦးသေဆုံးမှုရှိခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း KIA တပ်တွေဟာ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဝါရာဇွပ်၊ ရှဒူးဇွပ်ဒေသတွေမှာ တစ်ဖန်စစ်ရေးတန်ပြန်လှုပ်ရှားလာတဲ့အတွက် ယခုလို နှစ်ဖက် စစ်ရေးပြန်လည် တင်းမာမှုဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
ဝါရာဇွပ်ဒေသမှာ မင်းဇေသန့် ပြည်သူ့စစ်နဲ့ KIA တပ်တွေကြား စစ်ရေးတင်းမာနေတာ ၁၀ ရက်ကျော်ခန့် ကြာမြင့်လာပြီးနောက် နှစ်ဖက်တပ် စစ်ရှိုန်ထပ်မြင့်ပြီး ရက်ပိုင်းအတွင်း နှစ်ဖက်တပ် တိုက်ပွဲဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ဒေသခံတွေ သုံးသပ်နေကြပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)