TNLA နဲ့ စစ်ကောင်စီ တို့ ကူမင်းဆွေးနွေးပွဲမှာ သဘောတူညီမှု မရဘဲ အဆုံးသတ်

တရုတ်ကြားဝင်မှုဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် PSLF/ TNLA နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် သဘောတူ ရလဒ်မရရှိပဲ ဆွေးနွေးမှုအဆုံးသတ်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
PSLF/TNLA ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ တရုတ်အစိုးရစီစဉ်ပေးမှုနဲ့ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟိုတယ်မှာ ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၁၇ ရက်နေ့အထိ ၂ ရက်တိတိ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
သို့ပေမယ့် ယခု ဆွေးနွေးမှု မအောင်မြင်ပဲ နောက်တစ်ကြိမ် ထပ်တွေ့ဆုံနိုင်ရန်သာ တရုတ်အစိုးရအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ဦးဆောင်ကာ အဆုံးသတ်ထားတယ်လို့ သိရပါတယ်။
ဆွေးနွေးမှုမှာ တအာင်းလွတ်မြောက်ရေးအဖွဲ့ PSFL/TNLA ဘက်က နှစ်ဖက်တပ် ရောက်ရာအရပ်မှာ အပစ်ခတ်ရပ်တန့်ထားရန်၊ နှစ်ဖက်တပ် ထိုးစစ်ဆင်ခြင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲချတာတွေ၊ စစ်ရေးလှုပ်ရှားတာတွေ အားလုံး ရပ်တန့်ဖို့ နဲ့ နှစ်ဖက်ထိန်းချူပ်နယ်မြေများရှိ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဆေးဝါးသယ်ဆောင်ခွင့် ဖြတ်သန်းသွားလာခွင့်ပြုဖို့ စတဲ့ အချက် ၃ ချက်ကို ညှိနှိုင်း ဆွေးနွေးခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ TNLA ကို တစ်ဖက်သတ် ဖိအားပေးချင်တဲ့ ဆွေးနွေးပွဲတစ်ခုသာဖြစ်တယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တအာင်းလူငယ်တစ်ဦးက သုံးသပ်ခဲ့ပါတယ်။
“စကစက ဆွေးနွေးမှု ဖြစ်ပေါ်တဲ့အပေါ် အခွင့်ကောင်းယူပြီး အထက်စီး ဆွေးနွေးနိုင်သည့် ဆွေးနွေးပွဲတရပ်ဖြစ်လာအောင် လေကြောင်းဖိအား၊ မြေပြင်ထိုးစစ် ဆက်တိုက်ထိုးပြီး ဖိအားပေးနေတာလို့မြင်တယ်။ တဖက်က ညီနောင်မဟာမိတ် ဖြစ်တဲ့ MNDAA က အပြစ်ရပ်တဲ့ ဆွေးနွေးပွဲရလဒ်က စကစအတွက် အခွင့်အလမ်းကောင်းတရပ်ရလိုက်တဲ့အတွက်ကြောင့် TNLAကို တဖက်သတ် ဖိအားပေးချင်တဲ့ ဆွေးနွေးပွဲတခု ဖြစ်လာအောင် ဖန်တီးတာဖြစ်တယ်။ သို့ပေမယ့် TNLA သိမ်းပိုက်ထိန်းချုပ် ထားတဲ့ နယ်မြေနှင့်ထိစပ်နေတဲ့ မြို့တွေကို နွေဦးတော်လှန်ရေးတပ် အင်အားစုမှ ထိန်းချုပ်ထားနိုင်သည့်အတွက်ကြောင့် ဤဆွေးနွေးပွဲသည် စကစမျှော်မှန်းထားသလောက် ရလဒ်ရလိမ့်မယ်လို့ မထင်ဘူးဗျ။တော်လှန်ရေးအောင်မြင်တဲ့အထိ အဆုံးတိုင် တော်လှန်မည်ဟု TNLA၏ ရပ်တည်ချက်ကြောင့် ဆွေးနွေးပွဲ လုပ်နေစဉ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြင်တယ်။” လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ဆွေးနွေးပွဲပြုလုပ်နေစဉ် ရှမ်းမြောက်မှာတော့ စစ်ကောင်စီတပ်က TNLA ထိန်းချူပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်နဲ့ နောင်ချိုဘက်တွေမှာ လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲခဲ့ပြီး လက်ရှိချိန်ထိလည်း နောင်ချိုမြို့နယ် တောင်ခမ်းဘက်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီနဲ့ TNLA တို့အကြား ဒီတစ်ခေါက်ဆွေးနွေးမှု မအောင်မြင်တဲ့ ရလဒ်အပြီး စစ်တပ်ဘက်က TNLA ထိန်းချူပ်ရာ မြို့နယ်တွေထဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနိုင်ပြီး စစ်ရေးလျော့ကျဖွယ်မရှိပဲ ပိုမိုတင်းမာလာနိုင်ဖွယ်ရှိတယ်လို့ ရှမ်းမြောက်ဒေသခံတွေ သုံးသပ်ပြောဆိုနေပါတယ်။
“တကယ်လို့ စစ်ကောင်စီတပ်က သဘောရိုးရင် TNLA နဲ့ ဆွေးနွေးနေစဉ် တစ်ဖက်မှာ လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်စရာမလိုဘူး။ တစ်ဖက်မှာဆွေးနွေးပြီး တစ်ဖက်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေတာက ယုံကြည်လို့ရတဲ့ တွေ့ဆုံဆွေးနွေးမှု မဟုတ်ဘူးဆိုတာ ရလဒ်ကသိပြီးသား။ ဒီဆွေးမှုရလဒ်တွေဟာ ဘယ်လိုပဲဖြစ်ဖြစ် ရှမ်းမြောက်မှာ နေနေတဲ့ ဒေသခံပြည်သူလူထုတွေအတွက် အကောင်းဘက်ကို ရောက်ရှိနိုင်ဖို့ ရလဒ်ကောင်းရနိုင်ဖို့ သိပ်မထင်ဘူး။ လက်ရှိ ရှမ်းမြောက်က စစ်ရေး၊နိုင်ငံရေး အားလုံးကို ခြုံကြည့်လိုက်ရင် တရုတ်က သူကြိုက်သလို ချယ်လှယ်စွက်ဖက်နေတယ်လို့ပဲ မြင်တယ်။” လို့ ရှမ်းမြောက် စစ်ရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်နေသူ ဦးဇော်ဆန်က ပြောဆိုပါတယ်။
စစ်ကောင်စီတပ် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကိုးကန့် MNDAA နဲ့ စစ်ကောင်စီတပ်တို့ဟာ တရုတ်ကြားဝင်စေ့စပ်ပေးမှုနဲ့ ကူမင်းမြို့မှာပဲ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့က ဒုတိယအကြိမ်ဆွေးနွေးမှု ရလဒ်ကတော့ နှစ်ဖက်တပ် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရထားတာဖြစ်ပါတယ်။
သို့ပေမယ့် ကိုးကန့် MNDAA ဘက်က ဆွေးနွေးမှု ရလဒ်အရ လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာရမယ်လို့ တရုတ်အစိုးရကတော့ ပြောဆိုနေပေမယ့် မြေပြင်မှာ ထူးခြားမှု တစ်စုံတစ်ရာမရှိသလို ကိုးကန့်နဲ့ စစ်တပ်ဆွေးနွေးမှု ရလဒ်နဲ့ပတ်သက်ပြီး နှစ်ဖက်တပ်က တရားဝင်ထုတ်ပြန်ပြောကြားခဲ့ခြင်း တစ်စုံတရာ မရှိတာကြောင့် လားရှိုးစစ်ရေးအခြေအနေမှာ မသေချာ မရေရာမှုတွေနဲ့ ဝေဝါးနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ရှမ်းမြောက် မြို့ကြီး ၁၂ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကိုးကန့် MNDAA ကတော့ အရှေ့ဘက်ခြမ်းရှိ နယ်မြေတွေကို သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ