သတင်းဆောင်းပါး

စစ်ကိုင်း – ကချင်အစပ် က KIA နဲ့ PDF တပ်စခန်းတွေ လက်လွှတ်နေရတာ ဘာကြောင့်လဲ

စစ်ကိုင်းကချင်အစပ်၊ အင်းတော်မြို့နယ် နဲ့ ဗန်းမောက်မြို့နယ်ရှိ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်း တစ်ခု နဲ့ ၂နှစ်ကျော်ကြာ အထိုင်ချထားတဲ့ စခန်းကုန်းတစ်ခုကို သုံးရက်အတွင်းမှာပဲ လက်လွတ်လိုက်ရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။

အင်းတော်မြို့နယ်ထဲက ကာကင်းစခန်းတစ်ခုကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ပြန်လည် လက်လွှတ်ခဲ့ရပါတယ်။ ဗန်းမောက်မြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေ ၂ နှစ်ကျော်ကြာ အထိုင်ချ ထားတဲ့ ၅၇၁ ပွိုင့်ကုန်းအမည်ရှိတဲ့ စခန်းကုန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကပဲ လက်လွှတ်ခဲ့ရပြန်ပါတယ်။

ဒီစခန်းနှစ်ခု လက်လွှတ်ခဲ့ရတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ အပြင် လေကြောင်းပစ်ကူတွေပါ အသုံးပြုခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ဆိုပါတယ်။

အင်းတော်မြို့နယ်က စစ်ကောင်စီလက်ထဲက သိမ်းပိုက်ထားတဲ့ ကာကင်းစခန်း ပြန်လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ရန်သူ့ရဲ့ပစ်မှတ်ကတော့ ဒီကုန်းကို မရမက ပြန်ယူမယ်ဆိုပြီး မြေပြင်စစ်ကြောင်းရော၊ ဝေဟင်ရောပေါ့ အဝေးကနေ လက်နက်ကြီးပစ်ကူရောပေါ့ အားလုံးကို ဆက်တိုက်အသုံးပြုသွားတယ်။ ကိုယ့်ဘက်ကလည်း အပြင်းအထန်ခုခံပါတယ်။ သိတဲ့အတိုင်းပဲ လေယာဥ်ကိုတော့နိုင်တဲ့ဟာကရှိမထားဘူးလေ။ အဲ့လေယာဥ်ကြောင့်ပဲ ဒီရထားတဲ့ကုန်းနေရာကို ပြန်ဆုတ် ပေးလိုက်ရတယ်။ အထိအခိုက်များပြီးတော့ပေါ့ လို့ ပြောပါတယ်။

အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီပြန်လည် သိမ်းပိုက်ယူထားတဲ့ ကာကွယ်ရေးတပ်စခန်း Photo – KT

အင်းတော်မြို့နယ်က ပြန်လက်လွှတ်ခဲ့ရတဲ့ ကာကင်းစခန်းဟာ အင်းတော်မြို့နယ်အတွင်းနောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီ တပ်ရဲ့ ဒေသအခေါ်  “ဂျပန်လှိုဏ်ဂူ” အထိုင်ချစခန်းနဲ့ မြို့မ ဘုန်းကြီးကျောင်းအထိုင်ချစခန်းတို့ရဲ့ ကာကင်းစခန်းတွေထဲက တစ်ခုဖြစ်ပြီး စစ်ရေးအရ အချက်အချာ ကျတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ဗန်းမောက်မြို့နယ်က KIAPDF ပူးပေါင်းတပ်တွေ လက်လွှတ်လိုက်ရတဲ့ တပ်စခန်းဟာ ဗန်းမောက်မြို့ပေါ်နဲ့ မိနစ် ၂၀ ကျော်ကြာ ဆိုင်ကယ်နဲ့သွားရတဲ့ ကြောင်လည်၊ ပင်းခါး နဲ့ မံလူတို့ အနီးတစ်ဝှိုက်မှာရှိတဲ့ ၅၇၁ ပွိုင့်ကုန်းအနည်ရှိတဲ့ စခန်းကုန်းဖြစ် ပါတယ်။

ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အဲ့ဒီစခန်းကုန်းနေရာကို ထိုးစစ်ဆင်လာပြီး ဒရုန်း၊ လက်နက်ကြီး နဲ့ လေကြောင်းပစ်ကူတွေပါ အသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကအခုလိုပြောပါတယ်။

သူတို့ဘက်ကထိုးစစ်ဆင်လာတာ။ မြင်အောင်ပြောရရင် အသားထဲကပါပါသွားတာ။ နဂိုစိုးမိုးပြီးသားကုန်းကို။ တောင်ကုန်း ပေါ်က ကာကင်းစခန်း ၂ ခုဟုတ်တယ်။ ဒါပေမဲ့သူကအရေးပါတယ်။ စစ်ရေးနယ်မြေအရအရေးပါတယ်။ တိုက်ပွဲက ပြင်းထန်တယ်။သူတို့ဘက်က ဒရုန်းရော လက်နက်ကြီးရော လေကြောင်းပစ်ကူပါပေးတယ်။ ထိခိုက်ကျဆုံး ဒဏ်ရာရ တာလည်းများတယ်

သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ပစ္စည်းတစ်ချို့ Photo – KT

ရှမ်းနီ နှင့် ကဒူး၊ ကနန်း တိုင်းရင်းသားအများစု နေထိုင်ရာ ဗန်းမောက်မြို့တွင် စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ချို့သာရှိပြီး ရှမ်းနီအမျိုးသားတပ်မတော် SNA က အဓိက နေရာယူစစ်ရေး လှုပ်ရှားနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်းအသုံးပြုတဲ့လက်နက်တွေပြောင်းလဲလာသလို အထူးသဖြင့် ကင်းထောက်ဒရုန်းတွေက ကာကွယ်ရေးပူးပေါင်းတပ်တွေကိုအထိနာစေတယ်လို့ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့သူတစ်ဦးက အခုလို မှတ်ချက်ပြုပါတယ်။

ရန်သူက လက်နက်တွေကို ပြုပြင်ပြောင်းလဲပြီး သုံးလာတာလည်းဟုတ်တယ်။ နည်းပညာပေါ့နော်။ အခုက နည်းပညာ တိုက်ပွဲလိုဖြစ်နေတာလည်းဟုတ်တယ်။ ရန်သူက ဒရုန်းတွေဆိုရင် အဆင့်မြင့်တဲ့ဒရုန်းတွေကိုအရမ်းသုံးလာတယ်။ ကင်းထောက်လိုက်ပြီဆိုရင် ကိုယ့်လူတွေ ဘယ်နားမှာဆိုတာကိုမြင်ရတဲ့အထိ ကင်မရာတွေ၊ ညကြည့်တွေ နေ့ကြည့်တွေ ဒါမျိုးတွေသုံးလာတယ်

အခုလို နည်းပညာမြင့်တဲ့ဒရုန်းတွေကိုအသုံးပြုပြီး ကင်းထောက်ပြီးတိကျတဲ့ပစ်မှတ်ကိုရပြီဆိုတာနဲ့ လက်နက်ကြီးအသုံးပြု ပစ်ခတ်တာ အထူးသဖြင့် လေကြောင်းအသုံးပြုပြီးတိုက်ခိုက်တာတွေက တော်လှန်ရေးအင်အားစုတွေကိုအထိနာစေတာလို့ စစ်ကိုင်းနဲ့ ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သုံးသပ်ကြပါတယ်။

အင်းတော်မြို့နယ်ထဲက ကာကွယ်ရေးတပ်စခန်းတစ်ခု Photo – KT

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြောတဲ့ ညဘက်ကင်းထောက်ဒရုန်းဆိုတာဟာ ညဘက်တွေမှာ ကင်မရာအားကောင်းကောင်းနဲ့ ကင်းထောက်နိုင်တဲ့ အစ္စ်ရေးနိုင်ငံအခြေစိုက် Elbit Systems ကုမ္ပဏီကထုတ်လုပ်တဲ့ Skylark UAV ဒရုန်းတွေဖြစ်ပြီး ဒီကင်းထောက်ဒရုန်းတွေကို စစ်ကောင်စီတပ်ကပိုင်ဆိုင်ထားတယ်လို့ Justice For Myanmar က ပြီးခဲ့တဲ့ ၂၀၂၁ မေလ ၂၁ ရက်နေ့မှာ ထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

အခုလို ညဘက်ကင်းထောက်တဲ့ Scout Drone တွေအပြင် အလေးချိန် 30 KG လောက်ကိုသယ်ဆောင်နိုင်တဲ့ တရုတ်ထုတ် VTOL Drone၊ တော်လှန်ရေးအင်အားစုတွေလည်းအသုံးပြုတဲ့ Fixed Wings Drone နဲ့ MultiRotor ဒရုန်းအမျိုးအစား စတာတွေ အပြင် Sucide Drone လို့ခေါ်တဲ့ အသေခံဒရုန်းတွေကို အသုံးပြုလာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီလ ၂၄ ရက်နေ့မှာဆိုရင်လည်း စစ်ကောင်စီတပ်က အသေခံ ဒရုန်းအသုံးပြုပြီး KIO ဌာနချုပ်ရှိရာ  လိုင်ဇာမြို့နဲ့ ဌာနချုပ်ဟောင်း လိုင်စင်ဒေသတို့ကို တိုက်ခိုက်ခဲ့ပါသေးတယ်။

တော်လှန်ရေးအင်အားစုတွေ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့အတွက် ဒရုန်းအသုံးပြုတဲ့စ စ်ဆင်ရေးတွေကို စစ်ကောင်စီတပ် ထက်အရင် အသုံးပြုခဲ့ကြပြီး နိုင်ငံတစ်ဝှမ်းကတော်လှန်ရေးအင်အားစုတွေရဲ့မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီကို အထိနာ စေခဲ့ပါတယ်။

ရှမ်းမြောက် ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာလည်း ဒရုန်းစစ်ဆင်ရေးက အခရာကျခဲ့ပြီး စစ်ကောင်စီတပ်ကို အထိနာစေခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။

အဲ့ဒီ နောက်ပိုင်း ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကစတင်လို့ စစ်ကောင်စီတပ်ဟာ တန်ပြန် ဒရုန်းအသုံးပြုတာတွေရှိလာပြီး ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလလဆန်းမှာဆိုရင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်နိုင်ငံကို သွားရောက်ပြီး ဒရုန်းနည်းပညာကို သွားရောက်လေ့လာခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

စ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်နိုင်ငံကို သွားရောက်ပြီး ဒရုန်းနည်းပညာကို သွားရောက်လေ့လာခဲ့တဲ့ မြင်ကွင်း

စစ်ကောင်စီတပ်က တိုက်ခိုက်ရေးအတွက် ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည်နှင့်တစ်ပြိုင်နက် ဒရုန်းတိုက်ခိုက်မှုကို ကာကွယ်ရေးအတွက် ဒရုန်းဖျက်ချတဲ့ ဂျန်မာတွေကို တစ်ဆက်တည်းအသုံးပြုလာကြတယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

ဂျန်မာတွေက Frequency လှိုင်းတွေကိုဖျက်ချနိုင်တဲ့နှုန်းထားက မီတာထောင်ချီတယ်။ ဂျန်မာတွေကိုမကျော်နိုင်တဲ့ ဒရုန်းမျိုးကိုကိုင်ထားတယ်ဆိုရင် လုံးဝလေပေါ်တောင်တင်လို့မရဘူး။ တစ်ချို့ဆိုရင် လုံးဝစက်တောင်နှိုးလို့မရတဲ့ အခြေနေ မျိုးတွေပါကြားရတယ်လေ လို့ စစ်ကိုင်းတိုင်းထဲက ဒရုန်းတပ်ဖွဲ့မှာဦးဆောင်နေသူတစ်ဦးကဆိုပါတယ်။

ဒါပေမဲ့တစ်ဖက်မှာ စစ်ကောင်စီဘက်က အသုံးပြုလာတဲ့ဒရုန်းတွေကို ကာကွယ်ဖို့အတွက်တော့ တော်လှန်ရေးအင်အားစုတွေ ဘက်က အားနည်းချက်တွေရှိနေသေးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။

စစ်ကောင်စီတပ်ကတော့ ဒရုန်းအမျိုးအစားတွေကို ဖောဖောသီသီအသုံးပြုလာသလို အသုံးပြုတဲ့ဒရုန်းနဲ့အတူ သင့်လျော်တဲ့ ဗုံးသီးတွေကို စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ) က တီထွင်ဖန်တီးနိုင်မှုတွေက တော်လှန်ရေးအင် အားစုတွေအပေါ်သက်ရောက်မှုရှိနေတာလို့ ကချင်စစ်ရေးနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကအခုလိုမှတ်ချက်ပြုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေ လက်လွှတ်လိုက်ရတဲ့ စစ်တပ်စခန်း တစ်ခု

စစ်တပ်ရဲ့ သူတို့အသုံးပြုလာတဲ့နည်းပညာပေါ့နော် ဒီနေရာမှာနှစ်ချက်ပေါ့ တစ်ချက်ကတော့ လေကြောင်းတိုက်ခိုက်မှုပေါ့ သူတို့က လေကြောင်းတိုက်ခိုက်မှုကိုအခြေပြုလာနိုင်တယ်။ လေကြောင်းဟာ ကြိုက်တဲ့နေရာမှာ လေကြောင်းအုပ်လိုက်နဲ့ ဗုံးကြဲနိုင်တယ်။ နောက်တစ်ချက်ကတော့ ဒရုန်းပေါ့နော် ဒရုန်းကို သူတို့က ဖောဖောသီသီ သုံးနိုင်တယ်။ လိုသလို ချိန်ညှိနိုင် တယ်။ ဥပမာ ဒရုန်းနဲ့ဗုံးသီးနဲ့အဲ့လိုမျိုးပေါ့။ သူတို့ရဲ့ ကပစကလည်း သူတို့ဒရုန်းနဲ့သင့်လျော်တဲ့ဗုံးသီးတွေကို တီထွင်ဖန်တီး နိုင်တယ်။ ဒါကြောင့်မို့ ဒရုန်းရယ်လေကြောင်းကို ဒီနှစ်ခုကိုအခြေပြုပြီး ဖောဖောသီသီသုံးလာနိုင်တာကြောင့်မလို့ မြေပြင် စစ်ဆင်ရေးမှာ ပိုပြီးတော့ အားသာသလိုဖြစ်သွားတယ်။ အခုလို စစ်တပ်ဘက်ကဒီလိုအရမ်းသုံးလာနိုင်တာကြောင့် တော်လှန် ရေးအင်အားစုတွေက တစ်ချို့နေရာတွေကို ကြာကြာထိန်းထားလို့ မရတဲ့ အနေအထားတွေလို့ မြင်မိပါတယ်

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ စစ်ကိုင်းနဲ့ကချင်အစပ်က မြို့နယ်တွေကို သိမ်းပိုက်ဖို့ အတွက် ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လကတည်းက ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး တိုက်ပွဲတွေရပ်လိုက်နားလိုက်ဖြစ်နေရာကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ တကျော့ပြန်ထိုးစစ်ဆင်တာတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

အင်းတော်မြို့၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံကာကွယ်ရေးတပ်ဖွဲ့များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပူးပေါင်းတပ်တွေကတိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အင်းတော်မြို့နဲ့ ဗန်းမောက်မြို့တို့ဟာ ကချင်ပြည်နယ်အစပ်မှာတည်ရှိတဲ့ဝင်ပေါက်မြို့တွေဖြစ်တာကြောင့် စစ်ရေးဗျူဟာအရ အရေးကြီးတဲ့ မြို့တွေဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကာကွယ်ရေးပူးပေါင်းတပ်တွေအပြင် တစ်ခြားသောမဟာမိတ် တပ်တွေပူးပေါင်းပြီးတော့ ခမ်းပါတ်၊ မြို့သစ်၊ ရွှေပြည်အေး၊ မော်လူးမြို့နဲ့ ပင်လည်ဘူးစတဲ့ မြို့ ၅ မြို့ကိုသိမ်းပိုက်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button