မြစ်ကြီးနား၊ ဝိုင်းမော်မှာ အရပ်သား သတ်ဖြတ်ခံရသူ ၇ ဦးထိရှိလာတဲ့အတွက် ဘယ်လိုအခြအနေ ရှိနေလဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့မှာ တစ်လအတွင်းအရပ်သားသတ်ဖြတ်ခံရသူ ၇ ဦးထိရှိပြီး အဲဒီထဲမှာအမျိုးသမီး ၄ ဦးပါဝင်ကြောင်း လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ဝိုင်းမော်မြို့ အမှတ် ၅ ရက်ကွက် အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့ သတ်ဖြတ်ခံရမှု၊ မတ်လ ၄ ရက် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်၊ အမှတ်၆ ကျောင်းရှေ့ အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ အမျိုးသမီးရုပ်အလောင်းတွေ့ရှိမှု၊ မတ်လ ၃ ရက် မြစ်ကြီးနားမြို့ ရမ်ပူအောက်ချိုင့် ချမ်းသာကြီးဘုန်းကြီးကျောင်းအနီး နေအိမ်တစ်ခုမှာ လင်မယားနှစ်ဦးရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးကို ပုဆိန်နဲ့ ခုတ်သတ်မှု၊ ဖေဖော်ဝါရီ ၂၈ ရက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် အမျိုးသမီးတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရမှု၊ ဖေဖော်ဝါရီ ၁၉ ရက် ဝိုင်းမော်မြို့ အာလူးဘာရီကျေးရွာ အသက် ၁၅ နှစ်အရွယ်လူငယ်တစ်ဦး နေအိမ်ရေတွင်းထဲ သတ်ခံထားရမှု၊ ဖေဖော်ဝါရီ ၁၄ ရက် မြစ်ကြီးနား လယ်ကုန်းပေါ်ဦးအုပ်စု နေအိမ်တစ်အိမ်မှာ အမျိုးသားတစ်ဦးဓားထိုးခံရပြီး သေဆုံးမှု၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဂျပန်တံတားအမှိုက်ပုံနား လူငယ်တစ်ဦး ထိုးနှက်သတ်ဖြတ်ခံထားရတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။
သတ်ခံရတဲ့ ဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် လူပြတ်တဲ့လမ်းခုလတ်တွေမှာ အသတ်ခံရသူတွေပါသလို နေအိမ်တွေမှာ သတ်ခံရသူတွေလည်းပါဝင်ပြီး အသက် ၁၅ နှစ်ကနေ အသက် ၅၀ ဝန်းကျင်အရွယ်ကြား အမျိုးသား ၃ ဦးနဲ့ အသက် ၃၀ နဲ့ ၅၀ ဝန်းကျင် အမျိုးသမီး ၄ ဦးတို့ပါဝင်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိတာတွေရှိပေမယ့် အများပိုင်းထွက်ပြေးလွတ်မြောက်နေဆဲလို့ သိရပါတယ်။
မြစ်ကြီနားမြို့နဲ့ ဝိုင်းမော်မြို့မှာ ခုလိုသတ်ဖြတ်ခံရမှု ခပ်စိပ်စိပ်ဖြစ်လာတဲ့အတွက် ပြည်သူတွေရဲ့စိုးရိမ်မှုအခြေနေဘယ်လိုရှိနေလဲ၊ ဘာအခက်အခဲတွေကြုံတွေ့နေလဲဆိုတာနဲ့ပက်သက်ပြီး KNG သတင်းဌာနက မြစ်ကြီးနား၊ဝိုင်းမော်မြို့မှာနေထိုင်တဲ့ ပြည်သူတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
မြစ်ကြီးနားမြို့က အမျိုးသမီး လူငယ်တစ်ဦး
“လုံခြုံမှုမရှိတော့ဘူးပေါ့နော ဝိုင်းမော်မှာဆိုရင် အိမ်ထဲမှာကို သတ်ဖြတ်ခံရတာဆိုတော့ တော်တော်လေးကို မလုံခြုံမှုခံစားရတယ်။ နည်းနည်းထူးဆန်းတယ် ဆက်ကွင်းလူသတ်တာလားတော့ မသိဘူး အမျိုးသမီးတွေဘဲ အသတ်ခံနေရတာ။ ခါတိုင်းဆိုရင်တော့ မှောင်ရင်လည်း သွားရဲတယ် အခုကြတော့ စီတာပူမှာဆိုလူပြတ်တဲ့နေရာတွေ နည်းနည်းများတော့ မှောင်လာပြီဆို သိပ်မသွားဖြစ်တော့ဘူး။ ညနေစောင်းပြီးဆိုရင် အိမ်ထဲမှာဘဲ နေဖြစ်တော့တယ် အရင်ကနဲ့လည်း မတူတော့ဘူး စိတ်မလွတ်လပ်တော့ဘူး”
မြစ်ကြီးနားမြို့က မိခင်တစ်ဦး
“သွားရလာရတာတွေလည်း မလုံခြုံတော့ဘူး။ ကျွန်မတို့အိမ်က ကလေးတွေဆို အကုန်ကြီးနေပြီ ဖြစ်တဲ့အတွက် နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် သူတို့သွားလာတဲ့ အချိန်ဆို အရမ်းစိုးရိမ်နေရတယ်။ ဒါကြောင့် ကလေးတွေကိုဆို တစ်နာရီလောက်ဘဲ အပြင်သွားခိုင်းတယ် ကြာလာပြီ ဆိုရင် လိုက်သွားကြည့်တာမျိုးပေါ့။ သူများတစ်ခုခုဖြစ်တယ်လို့ကြားရင် ကိုယ်လည်း အရမ်းစိုးရိမ်မိတာပေါ့။ ဒါကြောင့် ပြောဆိုတဲ့အခါဖြစ်ဖြစ် သွားလာတဲ့အခါဖြစ်ဖြစ် အရမ်းဂရုစိုက်ပြီး လုပ်နေရတယ်။ ဘာလို့လဲဆိုတော့ အိမ်မှာက မိန်းခလေး၃ယောက်ဘဲရှိတော့ မလုံခြုံသလိုခံစားရတယ်။ အဲတာကြောင့်မို့လို့ ရပ်ကွက်ထဲက လူကြီးတွေကိုလည်း ညကလေးတွေ သွားလာတာ မြင်ရင် ကြည့်ပေးဖို့ပြောထားတယ်။ ပြီးတော့ အခုက ကလေးတွေလည်း ကျောင်းလည်းပိတ်ပြီဆိုတော့ ကျောင်းသားမှန်းမသိ ဘယ်သူမှန်းမသိ ကားလမ်းမှာ လူတွေရှိနေကြတော့ မလုံခြုံဘူး ။ စိုးရိမ်ပေမယ့်လည်း အတတ်နိုင်ဆုံးတော့ ကလေးတွေကို နောက်ကနေ လိုက်ကြည့်တာမျိုးတွေ လုပ်နေတာပေါ့”
အသက် ၃၀ အရွယ် အမျိုးသားလူငယ်တစ်ဦး
“အခုကဘယ်လိုဖြစ်လဲဆိုတော့ ပိုက်ဆံရှာရတာ အရမ်းခက်လာတယ်။ ဒါကြောင့် သူခိုးသူမြတွေလည်း အရမ်းများလာတယ်။ ညတောင်မဟုတ်တော့ဘူး နေ့လည် ဆိုရင်တောင် သွားရလာရခက်တဲ့ အခြေအနေဖြစ်လာပြီပေါ့။ အခုဆိုရင် ပစ္စည်းလုပြီး ဓားမြတိုက်တာတောင်မဟုတ်တော့ဘူး လူသတ်တဲ့အဆင့်တောင် ဖြစ်လာပြီ။ တချို့ဆို လင်မယားအချင်းချင်းတောင် သတ်ဖြတ်လာတာကို တွေ့ရတယ် အဲတာက ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပိုက်ဆံ တန်းဖိုးမရှိလာတဲ့အတွက်ကြောင့်လည်း ပါတာပေါ့။ အခုကျွန်တော်တို့အနေနဲ့ ဘယ်လိုသတိထားရမလဲဆိုတော့ လူပြတ်တဲ့နေရာတွေ သွားတာမျိုးတွေကို ရှောင်ရမယ်။ အမျိုးသမီးတွေဆိုရင် တန်ဖိုးရှိတဲ့ ရွှေလိုဟာမျိုးဆို မသုံးတာကောင်းလိမ့်မယ်ပေါ့ ။ ပြီးတော့ အရမ်းအရေးကြီးတာမျိုးမဟုတ်ရင်တော့ ပိုက်ဆံအိတ်လိုဟာမျိုးတွေကိုလည်း မယူလာတာကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီပိုက်ဆံအိတ်တွေ လာလုခံရပြီး အသက်သေဆုံးသွားရတဲ့ထိ ဖြစ်လာနိုင်တာကြောင့် ကျွန်တော်တို့အနေနဲ့ သေချာဂရုစိုက်နေထိုင်သင့်တယ်လို့ မြင်မိပါတယ်”
တက္ကသိုလ်ကျောင်းသူတစ်ဦး
“မြို့ထဲတွေထက် မြို့ပြင် မြို့အစွန်ဘက်တွေ ဘက်ကတော့ ပိုပြီး စိုးရိမ်ရပြီး အန္တရာယ်ရှိတာပေါ့။ တက္ကသိုလ်သွားတော့ စိုးရိမ်တာတွေလည်း ရှိတာပေါ့။ ဒါပေမယ့် တက္ကသိုလ်ကျောင်းမှာ ဆိုရင် အစောင့်တွေတော့ လွှတ်ထားပေးတယ် အဲဒီသတင်းတွေကြားလို့နေမှာ။ တခါတလေတော့ နေ့လိုအချိန်တွေဆိုရင် တစ်ယောက်တည်းသွားပေမယ့် တပ်ကုန်းနဲ့ စီတာပူ ဂျပန်လမ်း အဆက်နားဆိုရင်တော့ တစ်ယောက်တည်း သွားလို့မကောင်းဘူးပေါ့ အဲလိုနေရာတွေတော့ သူငယ်ချင်းတွေနဲ့ ဘဲ သွားဖြစ်တယ်”
ဝိုင်းမော်ဒေသခံလူငယ်အမျိုးသားတစ်ဦး
“ပြောရရင် ခုဒီမှာက ခေတ်ပျက်လိုဖြစ်နေပြီ ဘယ်သွားသွား နောက်ကနေ ဘယ်ချိန်လာထိုးလိုက်မလဲ။ လာရိုက်လိုက်မလဲကြောက်နေရတယ်။ တစ်ယောက်ထဲဆိုင်ကယ်နဲ့သွားတာတို့ဆို ပိုသတိထားရတယ်။ အဲကြောင့် ည ၆ နာရီလောက်ဆို ဒီဘက်မှာ လူတောင်သိပ်မရှိတော့ဘူး။ အရေးအကြောင်းအရေးကြီးလို့ သွားရမယ်ဆိုရင်တောင် အဖော်တွေနဲ့ အဖွဲ့လိုက်သွားနေရတယ်။ တကယ်မလွယ်ဘူး။ ဘယ်သွားသွားနောက်ကြောမလုံသလိုခံစားနေရတယ်”
By – Hope