
ဖားကန့်မြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ နန့်ယားကျေးရွာ မရောက်မှီ အွမ်ကျေးရွာ (Um Mare) ဆုတောင်းကုန်းနေရာမှာ တပ်စွဲလိုက်ပြီး စစ်ကြောင်းဆက်လက်ချီတက်နိုင်ရန်အတွက် တောင်ကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ကားမိုင်းကျေးရွာအကျော် မအူပင်ကျေးရွာမှာ ၅ ရက်ခန့်အထိ KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ကြား စစ်အင်အား ၅၀၀ ဝန်းကျင်ခန့်ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ ဧပြီလ ၃၀ ရက်နေ့ ည ၈ နာရီဝန်ကျင်ခန့် အချိန် နန့်ယားကျေးရွာအနီး အွမ့်ကျေးရွာကို ဝင်ရောက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေက KIA ထိန်းချုပ်ထားပြီဖြစ်တဲ့ နန့်ယား၊ နန့်တိန့် ကျေးရွာတွေကို ဆက်လက် စစ်ကြောင်းထွက်ခွာဖို့ရန် အွမ့်ကျေးရွာရှိ ကက်သစ်လစ် RC ဆုတောင်းကုန်းနေရာကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဖားကန့် ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။
“စစ်ကောင်စီတပ်တွေက နန့်တိန့်ကျေးရွာဘက် ရောက်တဲ့အထိ လက်နက်ကြီးတွေနဲ့ လှမ်းထုနေတယ်။ ကျနော်တို့ ရှိတဲ့ နေရာအထိ ဒရုန်သံအကျယ်ကြီးကြားနေရတယ်။ စစ်ကောင်စီတပ်တွေက မအူပင်ကျေးရွာရဲ့ အနောက်ဘက်ခြမ်းကနေ အွမ်ကျေးရွာကို ဝင်ရောက်သွားပြီ။ အခုက ဆုတောင်းကုန်းပေါ်မှာ နေရာယူပြီး လက်နက်ကြီးပစ်ခတ်နေတယ်”လို့ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ရောက်ရှိနေတဲ့ အွမ်ကျေးရွာ (ဒေသခေါ်) နဲ့ နန့်ယားကျေးရွာဟာ ၁ မိုင်ကျော်ခန့် အကွာသာရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်ကောင်စီ စစ်ကြောင်းတွေဟာ ယခုရက်ပိုင်းအတွင်းမှာပဲ နန့်ယားကျေးရွာအထိ တန်ပြန်ထိုးစစ်တင် ထိုးဖောက်ဝင်ရောက်လာနိုင်ပြီး KIA သိမ်းပိုက်ထားတဲ့ နန့်တိန့်ကျေးရွာတွေအထိပါ ရောက်ရှိလာနိုင်တယ်လို့ သတင်းအရင်းအမြစ်တွေက သုံးသပ်ပါတယ်။
အခုလို နန့်ယားကျေးရွာအနီးအထိ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်နေပြီဖြစ်တဲ့အတွက် ဖားကန့်လမ်းတစ်လျှောက်က ဒေသခံပြည်သူတစ်ချို့ကို ကယ်ထုတ်ပေးဖို့ ဖားကန့် ကချင်နှစ်ခြင်းအသင်းတော် KBC ကို တောင်းဆိုနေတယ်လို့လည်း ဆက်လက် သိရပါတယ်။
“ကပ်မှော်မှာ အယောက် ၂၀၀ လောက် ကယ်ထုတ်ဖို့ ကျန်ရှိနေသေးတာ ဖြစ်တယ်။ စစ်ကြောင်းဝင်လာတော့ ဘယ်လို သွားကယ်ထုတ်ရမှန်း မသိတော့ဘူး။ အခုက နမ့်တိန့်အထိတောင် လက်နက်ကြီးသံတွေကြားနေရတယ်ဆိုတော့ စစ်ရှောင်ဖို့ ပြည်သူတွေကလည်း အခုမှ အကြောင်းကြားလာကြတယ်ဆိုတော့ အခက်နေကြတယ်။ ဘယ်လို သွားကယ်ထုတ်ကြမလဲ စီစဉ်နေတယ်” လို့ ပြောပါတယ်။
စစ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက် ဖားကန့်လမ်းတစ်လျှောက်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်ပွားနေသလို နေ့တိုင်းလိုလို နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။
ဖားကန့်လမ်းမပေါ် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
တိုက်ပွဲကြောင်း ဖားကန့်လမ်းမတစ်လျှောက်မှာရှိတဲ့နန့်ယား၊ ဆိုင်းဖရာ၊ ကပ်မှော်၊ တံတားညီနောင်၊ ပျားအုံ စတဲ့ ကျေးရွာနေ ဒေသခံပြည်သူတွေက ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ နောက်ပိုင်း ဖားကန့်မြို့ပေါ်ရှိ အသင်းတော်အသီးသီးမှာ စစ်ဘေးတိမ်းရှောင်နေကြပြီ ဖြစ်ပါတယ်။
အဲဒီကျေးရွာတွေဟာ ဖားကန့်လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား မကြာခဏ တိုက်ပွဲဖြစ်ပွားမှုကြောင့် မကြာခဏ စစ်ရှောင်တိမ်းရှောင်နေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း စစ်တပ်အထိုင်ချထားတဲ့ နန့်ယား၊ နန့်တိန် ကျေးရွာတွေကို KIA ပူးပေါင်းတပ်က အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် ကျေးရွာနေ ပြည်သူတွေ နေရပ်ပြန်လာနေထိုင်ကြတဲ့ တစ်နှစ်အကြာမှာ အခုလို ထပ်မံစစ်ဘေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ဖားကန့်လမ်း အွမ်ကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄၊ ၂၅ ရက်နေ့တွေမှာ နမ္မတီး၊ မိုးကောင်းမြို့တွေကနေ ဖားကန့် ဘက်ကို ဦးတည်ပြီး စစ်ကောင်စီထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ဖြစ်ပါတယ်။
ဖားကန့်ဒေသကို စစ်ကြောင်းထိုးဖို့အတွက် မိုးကောင်း – ကားမိုင်း လမ်းမကြီးကနေ စစ်အင်အား ၅၀၀ ဝန်းကျင်နဲ့ အင်းတော်ကြီးဒေသဘက်ကလည်း စစ်အင်အား ၅၀၀ ပါဝင်တဲ့ စစ်ကြောင်းတစ်ခု၊ လမ်းကြောင်းနှစ်ခုကနေ စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)