သတင်း

အခွင့်အရေးထက် အလုပ်အကိုင်ကို အလေးထားနေရတဲ့ မြန်မာ အလုပ်သမားများ

ကမ္ဘာတစ်ဝှမ်းမှာ အလုပ်သမားအခွင့်အရေးအပြည့်အဝ ရရှိဖို့ တောင်းဆိုနေကြချိန် မြန်မာလူထုတွေဟာ အလုပ်အကိုင်ရရှိရေးအတွက် မြန်မာအလုပ်သမား တရားဝင် လက်ခံခြင်းမရှိတဲ့ တရုတ် အပါအဝင် အိမ်နီးချင်း နဲ့ ပြည်ပနိုင်ငံအတော်များများမှာ အခွင့်အရေးအပြည့်အဝ မရရှိဘဲ ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်နေကြရပါတယ်။

ကမ္ဘာမှာတော့ ဒီကနေ့ မေလ ၁ ရက်နေ့ကို အလုပ်သမားအခွင့်အရေးရရှိဖို့ အသက်၊ သွေးနဲ့ ချွေး များပေးဆပ်ခဲ့ကြတဲ့ အလုပ်သမားထု တို့ရဲ့ သမိုင်းဝင်နေ့ဖြစ်ပြီး မေဒေးနေ့ ဒါမှမဟုတ် ကမ္ဘာ့အလုပ်သမားနေ့လို့ လူအများစုက သိကြပါတယ်။

အလုပ်ချိန် ၈ နာရီသတ်မှတ်ဖို့၊ ကျားမ တန်းတူညီမျှရေး နဲ့ တူညီသောအလုပ်အတွက် တူညီသောလုပ်အားခတွေ သတ်မှတ်ပေးဖို့၊ ပိုမိုပြီးလုံခြုံကောင်းမွန်သော လုပ်ငန်းခွင်အခြေနေများကို ဖန်တီးပေး ရေးစတဲ့ အလုပ်သမားအခွင့်အရေးတွေရရှိဖို့ ဒီကနေ့မှာ ကမ္ဘာတစ်ဝှမ်း တောင်းဆိုမှုတွေ ရှိနေပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံ နဲ့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ မြန်မာနိုင်ငံလို ဒေသတွေမှာတော့ အလုပ်သမားအခွင့်အရေးအပါအဝင် လူ့အခွင့်အရေးများစွာ ဆုံးရှုံးနေဆဲဖြစ်တယ်လို့ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။

ကျနော်တို့ နိုင်ငံလည်းပါတာပေါ့ အဲ့လိုနိုင်ငံတွေထဲက အလုပ်သမားတွေအနေနဲ့ တကယ်ဘဲအလုပ်သမား အခွင့်အရေးတွေ ခံစားနေရပြီလား ဆိုရင် နိုင်ငံတကာရောက်နေတာရော ကျနော်တို့မြန်မာပြည်ထဲမှာရှိနေတဲ့အလုပ်သမားတွေရော အခွင့်အရေး ပြည့်ပြည့်ဝဝ ခံစားခွင့်က တော်တော်ကို အလှမ်းဝေးနေသေးတယ်လို့ ပြောလို့ရတယ်။ တိုက်ပွဲဝင်နေရဆဲလို့ ပြောလို့ရပါတယ်လို့ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ Country Director ဦးမိုးကျော်က ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးအပါအဝင် အဘက်ဘက်က ဆိုတ်ယုတ်လာတဲ့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းက လူထုတွေဟာ ဝင်ငွေအတွက် အလုပ်အကိုင်ရရှိဖို့နဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို တိမ်းရှောင်ဖို့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင်၊ ပြည်ပနိုင်ငံတွေကို ထွက်ခွာမှု ဆက်တိုက် မြှင့်တက်ခဲ့ပါတယ်။

ကချင်အမျိုးသမီးအခွင့်အရေး နဲ့ တရုတ်နယ်စပ် လူကုန်ကူးမှုအကြောင်းအရာတွေကို စောင့်ကြည့် ကာကွယ်မှု ပြုလုပ်နေတဲ့ ကချင်အမျိုးသမီးအဖွဲ့အစည်း (ထိုင်းနိုင်ငံ) KWAT အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်က အခုလို ပြောပါတယ်။

တရားဝင်အလုပ်လုပ်ခွင့်ရှိတဲ့ Visa မဟုတ်တဲ့အတွက်ကြောင့်မို့ တကယ်လို့များ တရုတ်လောပန်း (သူဌေး) တွေ၊ အလုပ်ရှင်တွေအနေနဲ့ ဒါကိုလက်မခံဘူး လခမပေးချင်ဘူး။ ခေါင်းပုံဖြတ်လို့ရတယ်ပေါ့နော်။ အများကြီးတော့ ရင်ဆိုင် ရတယ်။ ဒါပေမဲ့ အလုပ်လုပ်တယ်ဆိုရင်တော့ များသောအားဖြင့် နေ့စားအဲ့လိုပုံစံနဲ့ အလုပ်သွားလုပ်တာများပါတယ်။ ၇ ရက် လက်မှတ်နဲ့ပေါ့” လို့ Kachin Women’s Association Thailand က ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်က ပြောပါတယ်။

တရုတ်နိုင်ငံ နယ်စပ်ကို ဝင်ရောက်နိုင်တဲ့ ၇ ရက်လက်မှတ်ဆိုတာဟာ နှစ်နိုင်ငံအကြား ဈေးဝယ်ဈေးသွား သွားရောက်လည်ပတ် နိုင်ပြီး သွားရေးလာရေးအဆင်ပြေဖို့အတွက် လက်မှတ်တစ်ခုသာ ဖြစ်ပါတယ်။

သို့ပေမဲ့ ခေတ်အဆက်ဆက် နိုင်ငံရေးအခြေနေအရ ဆင်းရဲလာတဲ့ပြည်သူလူထုတွေဟာ ဝမ်းစာအတွက် အဆိုပါ တစ်ပတ်ခံ ကဒ် အလုပ်လုပ်ကိုင်နိုင်တဲ့လက်မှတ်တွေကိုအသုံးပြုပြီး အလုပ်လုပ်ကိုင်ရတဲ့အခြေနေတွေရှိသလို အလုပ်သမားနဲ့ဆိုင်ရာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ လုံးဝမရနိုင်တဲ့ကဒ် အမျိုးအစားဖြစ်ပါတယ်။

တစ်ဖက်မှာတော့ တရားဝင်အလုပ်သမားကဒ်နဲ့ သွားရောက်လုပ်ကိုင်နိုင်တဲ့ဒေသတွေမှာလည်း အဲ့ဒီနိုင်ငံတွေက ချမှတ်ထားတဲ့ နိုင်ငံခြားရွှေ့ပြောင်း အလုပ်သမားဥပဒေအောက်မှာ အလုပ်သမားတစ်ဦးရဲ့ လုပ်ငန်းခွင်အာမခံမှုဆိုင်ရာကိစ္စတွေအပါအဝင် လူမှုဖူလုံမှုကိစ္စတွေ၊ ကျန်းမာရေးစောင့်ရှောင့်မှုတွေစတဲ့အလုပ်သမားတစ်ဦးစီတိုင်းရဲ့ အခွင့်အရေးတွေနဲ့ အလှမ်းဝေးနေသေး တယ်လို့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က ဆိုပါတယ်။

အခြေခံလစာ ၄၈၀၀ ကျပ်သာသတ်မှတ်ထားတဲ့ မြန်မာပြည်တွင်းမှာဘဲ လစာလောက်ငှမှု မရှိပေမဲ့လည်း ရရာအလုပ် လုပ်ကိုင်နေကြရသူများလည်းများစွာရှိနေသေးပြီး အသက်ရှင်ခွင့်အတွက်တောင် လုံလောက်တဲ့လစာ မရှိဘူး လို့ KWAT ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်က ပြောပြပါတယ်။

ပြည်တွင်းမှာကတော့ ကျမတို့အားလုံးသိတဲ့အတိုင်း လုပ်ခလစာအရမ်းနည်းတယ် အစိုးရအနေနဲ့ပေါ့။ အစိုးရဆိုတာက အခုလက်ရှိ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေနေကြောင့်လည်း ပါမယ်။ တစ်ခြားသောစားသုံးကုန်တို့ တစ်ခြားသောအသုံးစားရိတ် တွေက ဈေးတက်လာတယ်။ ဒါပေမဲ့ ဝင်ငွေကတော့ တက်လာတာမရှိဘူး။ လူတစ်ယောက်အသက်ရှင်ခွင့်ကိုချိုးဖောက်နေတဲ့ လစာလောက်ပဲရှိတယ်။ ချိုးဖောက်တယ်ဆိုတာက လူတစ်ယောက်လုံလုံလောက်လောက် အသက်ရှင်ခွင့်ရှိတဲ့လစာမရှိဘူး။ ဆိုတော့ ဒါက အသက်ရှင်ခွင့်ကိုထိခိုက်စေတဲ့အရာတွေလို့ ကျမတို့မြင်တယ်။” လို့ ပြောပါတယ်။

လူတစ်ယောက် အသက်ရှင်ခွင့်အတွက် လုံလောက်တဲ့လစာမရှိတဲ့အခြေနေမျိုး၊ အာဏာသိမ်းမှုကြောင့် အဘက်ဘက်က ချွတ်ခြုံကျလာတဲ့ အခြေနေမျိုးအပါအဝင် တစ်ဖက်မှာ စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ပြီးနောက်မှာတော့ မြန်မာပြည်တစ်ဝှမ်း က လူငယ်၊လူလတ်ပိုင်း အရွယ်မျိုးစုံဟာ နီးစပ်ရာအိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံရပ်ခြားတွေကို တရားဝင်ရော တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ပါ ထွက်ခွာလာကြတာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကလည်း ပြည်တွင်းအလုပ်သမားရှားပါးမှုတွေ ကြုံနေရတယ်လို့ ဒီကနေ့ ကျရောက်တဲ့ မေလ ၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။

အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေကတော့ ခေတ်အဆက်ဆက်ကြီးစိုးလာတဲ့ စစ်အုပ်ချုပ်ရေးနဲ့ စစ်ခေါင်းဆောင်ရဲ့အာဏာသိမ်းမှုကြောင့် မြန်မာပြည်ရဲ့အနာဂါတ်ကိုပြန်လည်ထူထောင်မယ့် လူ့အရင်းအမြစ်တွေဆုံးရှုံးရပြီး တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကိစ္စအားလုံးအတွက် စစ်မှန်တဲ့အစိုးရတစ်ရပ်လိုအပ်တယ် လို့ အလုပ်သမားအခွင့်အရေးနဲ့လူ့အခွင့်ရေးလှုပ်ရှားသူတွေကထောက်ပြကြပါတယ်။

၁၈၈၉ ခုနှစ် ပြင်သစ်နိုင်ငံပါရီမြို့မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ် ညီလာခံက မေလ ၁ ရက်နေ့ကို အလုပ်သမားနေ့အဖြစ် ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံမှာ‌တော့ ၁၉၃၈ မေလ ၁ ရက်နေ့ကစလို့ ကမ္ဘာ့အလုပ်သမားနေ့ကို ကျင်းပလာခဲ့ကြတာ ဒီနေ့အထိ ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button