သတင်း

မိုးရွာသွန်းမှု‌ကြောင့် ပူတာအို-ခေါင်လန်ဖူးကားလမ်း ဆိုးဆိုးဝါးဝါးပျက်စီး

ကချင်ပြည်နယ် အထက်ပိုင်းမှာမိုးသည်းထန်စွာရွာသွန်းလို့ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးပူတာအိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးနေတယ်လို့သိရပါတယ်။

ဧပြီလ တတိယအပတ်မှာ ရွာသွန်းခဲ့တဲ့မိုးကြောင့် ပူတာအိုခေါင်လန်ဖူး ကားလမ်းပိုင်းမြေပြိုပြီး အသွားလာပြတ်တောက်တဲ့အထိ ပျက်စီးနေတယ်လို့ ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

ပူတာအိုကနေတက်သွားရင် ရီဒမ်းဂိတ်အထိ ရီဒမ်းကနေ ငွားလုံဒမ်းရွာအထိပဲရတယ် ငွားလုံဒမ်းကနေဟိုဘက်ကိုတော့လုံးဝသွားလို့မရဘူး လမ်းကအတော်ဆိုးဆိုးဝါးဝါးကြီးပျက်စီးနေတာ”လို့ အသက် ၄၀ ဝန်းကျင်ရှိ ခေါင်လန်ဖူးမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပူတာအိုမြို့ကနေ ရီဒမ်းဂိတ်အကျော် ငွားလုံဒမ်းရွာအထိ လမ်းပေါက်ပေမယ့် ငွားလုံဒရမ်းကနေ ဆန်းလွတ်ချက်တောင်အထိ ကားလမ်းအကွာအဝေး ၇ မိုင်ခန့် ပျက်စီးနေတယ်လို့ ဆိုပါတယ်။

လမ်းက ငွားလုံဒမ်းကနေစပြိုတာ ဟိုးဆန်းလွန်းချက်တောင်ထိပ်အထိပဲ ခေါင်လန်ဖူးကနေလည်းအဲ့အထိ(ဆန်းလွတ်ချက်) ပဲ ဆင်းလို့ရတယ် ကြားမှာပြိုသွားတာ”လို့အထက်မှာဖော်ပြခဲ့တဲ့အမျိုးသားကဆက်ပြောပါတယ်။

ကားလမ်းပြတ်တောက်နေတာ တစ်ပတ်နီးပါးကြာမြင့်လာပေမယ့် လမ်းပြုပြင်နိုင်ခြင်းမရှိသေးတဲ့အပြင် မြေပြိုမှုထပ်ဖြစ်နေတယ်လို့ သိရပါတယ်။

လမ်းကောင်းဖို့လိုအုံးမယ်ထင်တယ် ပြိုတဲ့နေရာတွေကထပ်ထပ်ပြိုနေတုန်းလို့ကြားတယ်။ တစ်ပတ်နှစ်ပတ်လောက်ထပ်ကြာနိုင်တယ်လမ်းခြေနေက”လို့ တစ်ခြားဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ခုလို ကားလမ်းပိုင်းမြေပြိုမှုတွေကြောင့် ကုန်ကား၊ခရီးသည်ကားနဲ့ဆိုင်ကယ်တွေကအစ သွားလာလို့မရဖြစ်နေတယ်လို့သိရပါတယ်။

ခေါင်လန်ဖူးမြို့နယ်ဟာ ကုန်းကြောင်းတစ်ခုတည်းနဲ့သာ ဆက်သွယ်ထားတာဖြစ်ပြီး ခုလိုကားလမ်းပျက်စီးနေတာကြောင့် ကုန်သွယ်စီးဆင်းမှုတွေရပ်တန့်နေသလို အတက်အဆင်းခရီးသည်တွေလည်း ခေါင်လန်ဖူးနဲ့ ပူတာအိုမြို့ထဲမှာ ပိတ်မိနေကြတယ်လို့သိရပါတယ်။

ခေါင်လန်ဖူးပူတာအိုကားလမ်းဟာ မြေသားလမ်းဖြစ်နေတာကြောင့် နှစ်စဥ်မိုးရာသီရောက်တိုင်း မြေပြိုမှုဖြစ်ပြီး ကားလမ်းပိတ်တဲ့ဖြစ်စဥ် ရှိနေမြဲဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button