အင်းတော်ကြီးမှာ SNA တပ်က နို့တိုက်မိခင်ပါမကျန် တပ်သားသစ်စုဆောင်းနေ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နဲ့ စစ်ကောင်စီပူးပေါင်းတပ်က နို့တိုက်မိခင်ပါမကျန် တပ်သားသစ်စုဆောင်းနေလို့ ပြည်သူများသွားလာရေးမှာ အခက်ကြုံနေတယ်လို့ ဒေသခံ တွေပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့တပ်မ ၃၃ လက်အောက်ခံတပ်နဲ့ SNA တပ် တွေဟာ အင်းတော်ကြီးဒေသရဲ့ အဝင်အထွက်တွေကို ပိတ်စို့ဂိတ်ထိုင်ထားပြီး နို့တိုက်မိခင်ပါမကျန် တပ်သားသစ်စုဆောင်းဖမ်းဆီးတာတွေ ဆိုးဆိုးဝါးဝါးလုပ်ဆောင်နေတာကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူတွေများလာနေတယ်လို့ အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ဟုတ်တယ် အသက် ၁၂ အထက်ကနေ အသက် ၅၅ နှစ်အောက်အကုန်ခေါ်တာပါဆို အကုန်ရှောင်နေရတယ်။ အဓိကတော့ အဝင်အထွက်ဂိတ်တွေထိုင်ပြီး ဂိတ်မှာထိုင်ဖမ်းတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။
အင်းတော်ကြီးဒေသထဲက နန့်မွန်းမြို့ကို SNA တပ်က တပ်စွဲထားတဲ့နေရာဖြစ်ပြီး လုံးတုံ၊မိုင်းနောင်တကြောမှာတော့ စစ်ကောင်စီနဲ့ပေါင်းပြီးတပ်စွဲတာတွေရှိတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။
SNA ပူးပေါင်းတပ်က တပ်သား သစ်ဖမ်းဆီးစုဆောင်းမှုကို ၂၀၂၄ ခုနှစ်၊ ဇွန်လကစပြီး မိုးညှင်းမြို့ပေါ်မှာစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းမှာတော့ အင်းတော်ကြီးဒေသတစ်ခွင်လုံးလုပ်ဆောင်လာတာလို့သိရပါတယ်။
“ရှမ်းနီဘက်က မိုးညှင်းကနေစတာပါ့အဲ့ကနေ ဒီဘက်(အင်းတော်ကြီး)ကိုဝင်လာတာ သူတို့ဝင်လာတဲ့နောက်ပိုင်းကတော့မနေရဘူး ယောက်ကျားမိန်းမအကုန်ရှောင်နေရတာ လျှောက်လျှောက်ဖမ်းတာလေးမလွတ်ဘူး”လို့ နောက်ထပ် နန့်မွန်းဒေသခံမျိုးသားက ပြောပါတယ်။
လက်ရှိမှာတော့ SNA တပ်က အင်းတော်ကြီးဒေသအထွက် လုံးတုံ ၊နန့်မွန်းမြို့နဲ့ အင်းတော်ကြီးဒေသအဝင် ခုနှစ်မိုင်ဂိတ်(ဒေသအခေါ်) ၊တောင်ခြေဂိတ်နဲ့ ချောင်းဝကျေးရွာအနီးမှာဂိတ်ထိုင်ပြီး ဖမ်းဆီးနေတဲ့အပြင်တစ်ခါတစ်ရံ လူနေရပ်ကွက်အထိ ဝင်ရောက်ဖမ်းဆီးတာတွေကြောင့် ဒေသခံအများစုတိမ်းရှောင်နေကြရတယ်လို့ အင်းတော်ကြီးဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“အများပိုင်းကတော့ ဂိတ်မှာဖမ်းခံတာရများတယ်နောက်ပြီးတော့ ညဘက်ပြင်ထွက်လူကိုဖမ်းတဲ့သူတို့လှုပ်ရှားစစ်ကြောင်းနဲ့တိုးရင်ဖမ်းခံရတယ်။ အဲ့တော့အိမ်မှာနေလဲမလုံခြုံ ဘယ်မှသွားမရတော့နောက်ပိုင်း လွတ်ရာလွတ်ကြောင်း ရှောင်ကြကုန်တာ”လို့ သူကပြောပါတယ်။
ခုလို တပ်သားသစ်စုဆောင်းမှုကြောင့် အင်းတော်ကြီးဒေသထဲက မိုင်းနောင်၊လုံးတုံ၊နန့်မွန်း၊ မမုံကိုင်၊ ချောင်းဝ၊လက်ပံစတဲ့ကျေးရွာအပါအဝင် ရွာပေါင်း ၂၀ ခန့်က လူငယ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကတည်းက ရွှေမှော်၊ မန္တလေး၊ မြစ်ကြီးနားစတဲ့ဘက်ကို တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
ခုလို လူငယ်အများပိုင်း တိမ်းရှောင်သွားကြတဲ့နောက် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး အသက် ၁၂ နှစ်ကနေ ၅၅ နှစ်အတွင်း အမျိုးသား၊အမျိုးသမီး နို့တိုက်မိခင်ပါမကျန်ဖမ်းဆီးလာတာလို့ ဆိုကြပါတယ်။
“တစ်ပတ်တော့ကြာသွားပြီ အင်းတော်ကြီးထဲကပဲ ကလေးအမေ နို့တိုက်မိခင် နှစ်ယောက်လည်း ဖမ်းသွားတာ။ ရွာလူကြီးတွေသေချာပြောပြီး ပြန်လွှတ်လာတယ် အဲကလေးအမေနှစ်ယောက်က”လို့ အင်းတော်ကြီးမြို့ဒေသခံ အမျိုးသားတစ်ဦး ပြောပါတယ်။
ဖမ်းဆီးစုဆောင်းခံရတဲ့သူတွေဟာ မိုးညှင်းနဲ့တခြားSNAစစ်သင်တန်ပေးတဲ့ဒေသတွေမှာ ၃ လကနေ တချို့ ၆ လအထိစစ်သင်တန်းတက်ရောက်ရတယ်လို့သိရပါတယ်။
ဖမ်းဆီးခံရတဲ့အရေအတွက်အတိအကျမသိရသေးပေမယ့် ဒေသခံတွေခန့်မှန်းပြောဆိုချက်အရ ရာကြီးပိုင်းအထိရှိနိုင်ကြောင်း အထက်မှာ ဖော်ပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူ တစ်ဦး အခုလိုပြောပါတယ်။
“နန့်မွန်းနဲ့မိုးညှင်းကတော့အများဆုံးဖမ်းခံရတာပါ့။ ပြီးတော့ခရီးသွားလူငယ်တွေလည်းမနည်းဘူးနော်ဖမ်းခံရတာ မရှိဘူးဆိုရင်တောင် လေး၊ငါးရာလောက်တော့ရှိမယ်ထင်တယ်။ ခန့်မှန်းရသလောက်ပေါ့”လို့သူကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ထဲမှာ အမျိုးသားအများစုနဲ့အမျိုးသမီးငယ်အချို့ပါဝင်ပြီး အသက် ၁၈ ကနေ ၃၀ ကြား အများဆုံးဖြစ်တယ်လို့သိရပါတယ်။
“ပြန်လွတ်လာတာတော့သိပ်မရှိဘူး ဘယ်လိုလူလွတ်လာသလဲဆိုရင်တော့ ကျန်းမာရေးလုံးဝမကောင်းဘူးဆိုတဲ့သူပြီးတော့ ရှမ်းနီအဖွဲ့ထဲမှာ မိသားစုဝင်တစ်ယောက်ယောက်ရှိနေတဲ့လူလောက်ပဲကျန်တာကလွတ်တာမကြားမိဘူး”လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
အင်းတော်ကြီးဒေသထဲက SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာ တပ်သားသစ်ဖမ်းဆီးနေတဲ့အပြင် ဟိုပင်–အင်းတော်ကြီး– ဝှေခါကားလမ်းပိုင်းမှာ စစ်ဆေးရေးဂိတ် ၆ ခုအထိ ဂိတ်ထိုင်ထားပြီး အခွန်ကောက်တာ၊ စစ်ဆေးမေးမြန်းတာတွေကြောင့်ဒေသခံတွေနဲ့ခရီးသွားတွေအတွက်အခက်အခဲ ဖြစ်နေကြောင်းလည်းသိရပါတယ်။
“ဂိတ်က နန့်မွန်းမြို့ထဲတင်မြို့ဝင်/ထွက်နှစ်ဂိတ်ရှိတယ် ပြီးတော့ ချောင်းလမ်းခွဲဂိတ်တို့ လုံးတုံဂိတ်တို့အားလုံးဆို ၆ ခုရှိတယ် ည ၆ နာရီဆိုအကုန်ပိတ်ပြီသွားလို့လာလို့မရဘူး စစ်လည်းအရမ်းစစ်တယ်တချို့ဂိတ်တွေမှာ”လို့အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဲ့ဒီဂိတ်တွေမှာ SNA တပ် သီးသန့်ထိုင်တဲ့ဂိတ်တွေရှိသလိုတချို့ဂိတ်တွေလည်း စစ်ကောင်စီစစ်သား၊ရဲနဲ့ပူးပေါင်းပြီးဂိတ်ထိုင်တာရှိတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ အင်းတော်ကြီးဒေသထဲမှာစစ်ကောင်စီစစ်သားတွေနဲ့ SNA စစ်ကြောင်းထိုးတာတွေရှိတာကြောင့်ကျေးရွာ ၅ ရွာထက်မနည်းစစ်ဘေးရှောင်နေရကြောင်းလည်းသိရပါတယ်။
အင်းတော်ကြီးဒေသထဲမှာ ခြေကုပ်ယူနေတဲ့ SNA တွေဟာ မိုးညှင်းမြို့နယ်ထဲက ဒေသခံရှမ်းနီလူမျိုးတွေပါဝင်သလို ဟုမ္မလင်း၊ဗန်းမောက်ဘက်ကဝင်လာတဲ့ SNA တွေလည်းပူးပေါင်းထားတယ်လို့သိရပါတယ်။
By – Zaw Zaw