သတင်း

ဆားမှော်ဒေသခံတွေရဲ့ တောင်ယာသွားလမ်း ယာယီပြန်ဖွင့်ပေး

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ နှစ်လနီးပါးပိတ်ခံထားရတဲ့ ဒေသခံတွေရဲ့တောင်ယာသွားလမ်း ယာယီပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

အဲဒီလမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်ကစပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ပိတ်ထားရာ ကနေ ဧပြီလ ၂၅ ရက်နေ့မှာ ယာယီဖွင့်ပေးလိုက်တာလို့ ဒေသခံတွေဆိုပါတယ်။

နှစ်ပတ်ဖွင့်ပေးမယ်လို့ ပြောတယ် နှစ်ပတ်အတွင်းအဆင်ပြေပြီး ဘာပြဿနာမှမရှိရင်တော့ ပုံမှန်ပြန်ဖွင့်မယ့်တဲ့။ အခု ရွာသားတွေကတော့ သွားသွားလာလာ ပြန်လုပ်နေကြပြီလို့ ဆားမှော်ဒေသခံ အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။

ဒီလမ်းပြန်ဖွင့်ဖို့ ကျေးရွာရပ်မိရပ်ဖတွေကနေပြီး စစ်ကောင်စီတာဝန်ရှိသူထံ သွားရောက်တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဖေ‌ဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး ကဂျီတပ်စခန်းကုန်းနဲ့ နင်ခရွတ်(Nhkrut Pa) အနီးတစ်ဝိုက် KIA PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအပါအဝင် ပြည်သူ့စစ်အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားရာနေ ပြည်သူ့စစ်ဘက်က လမ်းကိုပိတ်ပေးလိုက်တာဖြစ်ပါတယ်။

ဆားမှော်ဒေသခံတွေဟာတောင်ယာအခင်း၊ ကြိမ်ရှာ၊ ဝါးခုတ်အလုပ်၊ ဟင်းသီးဟင်းရွက်ခူးရောင်းတဲ့ အလုပ်တွေကိုအဓိကလုပ်ကိုင်ကြပြီး ကချင်အခေါ် နင်ခရွတ်(Nhkrut Pa)၊ အင်ဖရင်း( Nhpring Pa)၊ ကျန်ခန်( Chyanghka Pa)၊ ဘန်စိုင်း( Ban Sai)ဘန်ကောက်(Ban Kok) ဘန်ဂျက်(Banjet) စတဲ့နေရာတွေမှာ သွားရောက်လုပ်ကိုင်ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီနေရာဘက် သွားဖို့ စစ်ကောင်စီတပ်ရဲ့ကဂျီတပ်စခန်းကနေ ဖြတ်သွားရကြောင့် ပိတ်ပေးထားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေသုံးသပ်ကြပါတယ်။

ဒါပေမယ့် ဒီလမ်းဟာ ဆားမှော်ပြည်သူတွေတွက် အသက်မွေးဝမ်းကျောင်းပြုဖို့အရေးကြီးတဲ့လမ်းဖြစ်တဲ့တွက် ပုံမှန်ဖွင့်ပေးဖို့ လိုလားနေကြတယ်လို့ နောက်ထပ် ဆားမှော်ဒေသခံအမျိုးသားတစ်ဦး ခုလိုဆက်ပြောပါတယ်။

အခုက ယာယီဘဲ ဖွင့်မလိုလို ပုံမှန်ဘဲ ဖွင့်မလိုလို မသေချာတော့ တောင်ယာကတစ်နှစ်လုံးအတွက် ရည်ရွယ်ပြီးလုပ်ရတာ လမ်းဖွင့်ပေးမှ သေချာလုပ်နိုင်မှာ ဖြစ်တဲ့အတွက် အရမ်းဆိုးတဲ့ အခြေအနေမဟုတ်ရင် လမ်းမပိတ်ဖို့ လိုလားနေကြတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တောင်ယာသွားလမ်း ပိတ်ထားပါက ရေရှည်စားဝတ်နေရေး ကြပ်တည်းလာကြမှာကိုလည်း စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဆားမှော်ကျေးရွာကတော့ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ထဲမှာ ပါဝင်တာ ဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ကျား ၅၉၂၃ ဦး၊ မ ၆၃၁၆ ဦး၊ လူဦးရေစုစုပေါင်း ၁၂၂၃၉ ဦး နေထိုင်တယ်လို့ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button