သတင်း

ရှစ်လကြာ ပိတ်ထားတဲ့ မန္တလေး- မြစ်ကြီးနား ဗျူဟာကားလမ်းမကြီး ပြန်ဖွင့်

ကချင်-စစ်ကိုင်းအစပ် အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် ရှစ်လကြာပိတ်ထားခဲ့ရတဲ့ မြစ်ကြီးနား -မန္တလေးဗျူဟာ လမ်းမကြီး ပြန်ဖွင့်လိုက်ပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေကတဆင့် သိရပါတယ်။

၂၀၂၄ ခုနှစ် ​သြဂုတ်လ ကတည်းက ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့ပြီးနောက် မေလ ၄ ရက်နေ့မှာ ဖြတ်သန်းသွားလာခွင့် ပြုလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဟုတ်တယ်ဗျ မနေ့တုန်းက လေးရက်နေ့မှာစဖွင့်ပေးတာ။ အစစ်အဆေးကတော့လောလောဆယ်မရှိသေးဘူး။ ဒီတိုင်းပဲ ဖွင့်ထားပေးတယ်။” လို့ အင်းတော်မြို့ခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

တော်လှန်ရေးအင်အားစုက အင်းတော်မြို့ကို ဧပြီ ၇ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်တာကြောင့် ကားလမ်းပိုင်း ပြန်ဖွင့်ပေးတာ ဖြစ်ပြီး လမ်ပိုင်းအခြေအနေပတ်သက်လို့ ဒေသခံတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“လမ်းပိုင်းအခြေနေကတော့ စိတ်ချရပါတယ်။ မြို့ထဲလေးပဲ ဖြတ်သွားတာရတာဆိုတော့ ဘယ်လောက်မှ မဝေးဘူးလေ ပြီးတော့ ရှင်းလင်းရေးတွေ လုပ်ပြီးမှ ဖွင့်ပေးတာဆိုတော့ စိတ်ချရပါတယ်” လို့ ဒေသခံတစ်ဦး အမျိုးသားတစ်ဦးက ပြောပါတယ်။

မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းမကြီးပိတ်ထားချိန် ကုန်ကားနဲ့ခရီးသည်ကားတွေဟာ ယခင်သစ်မောင်ခိုကားတွေ အသုံးပြုခဲ့ကြတဲ့ အင်းတော်မြို့ပတ်လမ်းကို အသုံးပြုခဲ့ကြတာဖြစ်ပြီး မိုးရာသီကာလမှာ ခက်ခက်ခဲခဲသွားလာနေရတာ ဖြစ်ပါတယ်။

“ကွင်းလမ်းက မိုးရာသီဆိုလမ်းအရမ်းဆိုးတယ် တချို့နေရာတွေ ဆင်နဲ့ဆွဲရတာ နှစ်ရက်သုံးရက်တောင်ကြုံတယ်။ တခါတလေ ဒီဗျူဟာလမ်းက ပုံမှန်ဆိုတစ်ညအိပ်ပဲ” လို့ ​ဒေသခံတစ်ဦးက ပြောပါတယ်။

အင်းတော်ကွင်းလမ်းအသုံးပြုချိန်မှာ လမ်းပိုင်းဆိုးဝါးတာကြောင့် ကချင်ပြည်နယ်ဘက်မှာ အကုန်အဝင်နှေးပြီး ကုန်စျေးမြင့်တက်တာတွေလည်း ရှိခဲ့ပါတယ်။

ကချင်ပြည််နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် မန္တလေး မြစ်ကြီးနားကား လမ်းပေါ်မှာရှိတဲ့ အင်းတော်မြို့ဟာ စစ်ကောင်စီအတွက် စစ်ရေးအရ မဟာဗျူဟာမြောက်တဲ့နေရာတစ်ခုဖြစ်ပြီး စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်ခုခံတဲ့ကြားကနေ KIA၊ PDF၊ ABSDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၇ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button