ပူတာအို-မြစ်ကြီးနားလမ်းပိုင်း ခရီးသွားများသတိထားသွားလာကြဖို့ပြော

ပူတာအို – မြစ်ကြီးနားလမ်းပိုင်းမှာ ဒီရက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးလှုပ်ရှားနေတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ KIA  ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။

ဧပြီလ ၂၇ ရက်နေ့ အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပူတာအိုကနေ ဆွမ်ပီယာန်ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တပ်အကြားတိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီနေ့ထိလည်း ဆွမ်ပီယာန် နင့် တန်ဂျာယန်ကြား ကားလမ်းတစ်လျှောက်နေရာယူတပ်စွဲထားတာတွေရှိနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး KNG ကိုခုလိုပြောပါတယ်။

“ပူတာအိုဘက်ကနေစစ်ကြောင်းထိုးလာတာ အင်အား ၄၀ လောက်ရှိမယ်ထင်တယ် ဒီဘက်ကလည်း ဆွမ်ပီယာန်မရောက်ခင်တော့ ကြားဖြတ်တိုက်တာတွေရှိတယ် ခုစစ်ရေးတင်းမာတယ်လို့ပြောလို့ရတယ်။ ပြည်သူတွေသတိထားဖို့ပါလို့ ပြောပါတယ်။

ခုလို စစ်ရေးအခြေနေကြောင့် ဒီလမ်းပိုင်းကိုအသုံးပြုနေတဲ့ ခရီးသည်များ၊ကားသမားများ စစ်ရေးသတင်းနားစွင့်ပြီး သွားလာကြဖို့သူကဆက်ပြီး တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် KIA ပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ဆွမ်ပရာဘွမ်မြို့နယ်အပါဝင် မြို့နယ်  ခုကိုစစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်တပ်ဘက်က ခုလိုစစ်ရေးလှုပ်ရှားမှုတွေစတင်လာတာဖြစ်တယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ ခုလိုစစ်ရေးလှုပ်ရှားမှုတွေကြောင့် ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းကိုအရင်နှစ်ကလို လချီကြာပိတ်ခံရမှာလည်းကိုလည်း ဒေသခံတွေစိုးရိမ်နေကြပါတယ်။

ခုသွားလာလို့တော့ရသေးတယ် တိုက်ပွဲဖြစ်တဲ့ချိန်နဲ့တိုးရင်တော့ ညအိပ်ရတယ် ဒီလမ်းပိုင်းက ခနနပိတ်တော့ တိုက်ပွဲဖြစ်ရင်လမ်းပိတ်မှာကို အဓိကစိုးရိမ်နေကြတာလေ။ လေယာဉ်နဲ့လည်းသွားဖို့ခက်တော့ ဒီလမ်းပိုင်းပဲသွားကြတာဟုတ်တယ်လို့ ပူတာအိုဒေသခံအမျိုးသမိီးတစ်ဦးပြောပါတယ်။

ပူတာအို– မြစ်ကြီးနားလမ်းပိုင်းဟာ ပူတာအိုမြို့အတွက် ကုန်စည်စီးဆင်းရာတစ်ခုတည်းသော ကားလမ်းပိုင်းဖြစ်ပြီး ပြီးခဲ့တဲ့၂၀၂၅ခုနှစ်မှာလည်းစစ်ရေးအခြေနေကြောင့်လချီကားလမ်းပိတ်ခံထားရတဲ့အခြေနေကြုံတွေ့ခဲ့ကြရတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button