အလယ်တန်းအရွယ်ကလေးတွေ ရာမသုံးစွဲသူများလာ

မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာမှာ အလယ်တန်းကျောင်းသားအရွယ်််တွေ ရာမသုံးစွဲသူတွေ များလာနေတယ်လို့ ကျေးရွာပြည်သူတွေက ပြောပါတယ်။

ရာမရောင်းနေတဲ့ဆိုင်ဟာ ရှဒေါင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ရှဒေါင် အထက () ရဲ့ အနောက်ဘက်မှာရှိပြီး ၈ တန်း၊ ၉ တန်းအရွယ် ကျောင်းသားတွေကို ရာမ (စိတ်ကြွဆေးပြား) ရောင်းချပေးနေတဲ့အတွက် ကလေးတွေ ရာမသုံးစွဲသူတွေ ပိုများလာနေတယ်လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

ကလေးတွေက သူတို့ရတဲ့ မုန့်ဖိုးနဲ့ ဝယ်ပြီး ချောင်းဘေးတွေမှာ သုံးနေကြတာ ခဏခဏတွေ့ရတယ်။ ကျနော်တို့ သိထားတာက ရာမသုံးတဲ့ ကလေးတွေ အယောက် ၃၀ လောက်တော့ ရှိနေပြီ လို့ သူက ပြောပါတယ်။

ခုလို ရာမသုံးစွဲမှုကြောင့် ကလေးတချို့ဟာ ကျောင်းဆက်မတက်နိုင်တော့ဘဲ ရှဒေါင်ကျေးရွာအနီး နမ်ကွယ်ခ (နန်းကွေ့ချောင်း) နဲ့ စာသင်ကျောင်းအနီးနေရာတွေမှာ နေ့တိုင်းဆိုသလို ရာမသုံးနေတာကို ပေါ်ပေါ်တင်တင် တွေ့လာရတယ်လို့ ပြည်သူတွေက ပြောပါတယ်။

ဒါ့အပြင် ရာမရောင်းချသူတွေက ကလေးတွေကို အသုံးချပြီး မူးယစ်ဆေးဝါး ရောင်းခိုင်းတာတွေလည်း ရှိနေတယ်လို့ နောက်ထပ်ပြည်သူတစ်ဦးက ပြောပါတယ်။

ရောင်းတဲ့သူက ကိုယ်တိုင် မရောင်းဘူး။ တစ်ချို့ကကလေးတွေကို စာရင်းကိုင်ခိုင်းပြီး လုပ်တာ။ ဒါတွေက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုလုပ်လာတာလို့ ဆိုပါတယ်။

ခုလို ကျောင်းသားအရွယ်ကလေးတွေထိ ရာမသုံးစွဲမှုပိုများလာတာကြောင့် ကလေးတွေရဲ့ ပညာရေးနဲ့ လူမှုဘဝအပေါ် စိုးရိမ်နေရတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။

အခုကလေးတွေက ကျောင်းစာတွေ မလုပ်နိုင်တော့ဘူး။ နောက်ဆုံး ကျောင်းထွက်သွားရတယ်။ မကောင်းတဲ့အလုပ်တွေ လုပ်လာကြတယ်။ မူးယစ်ဆေးပေးတဲ့သူတွေနောက် လိုက်ပြီး သူတို့ခိုင်းတာတွေ လိုက်လုပ်လာကြတယ်။ နောက်ဆုံး မိဘတွေနဲ့ပါ အဆင်မပြေဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ၂၀၂၃ ခုနှစ်ဝန်းကျင်က ရှဒေါင်ကျေးရွာ ရပ်ကွက် () နေရာမှာသာ မူးယစ်ဆေးသုံးစွဲသူတွေ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ရပ်ကွက် ၁၊ ၂၊ ၃ နေရာတွေမှာ သုံးစွဲမှု ပိုများလာပြီး ရပ်ကွက် ၄၊ ၅၊ ၆ နေရာတွေမှာလည်း သုံးစွဲသူတွေ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ဒေါင်ကျေးရွာမှာ အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိပြီး အိမ်တိုင်းနီးပါးမှာ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးခန့် ရှိလာတဲ့အခြေအနေဖြစ်တယ်လို့ ဒေသခံတွေ ဆိုပါတယ်။

ခုလို မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ များလာတာနဲ့အတူ ကျေးရွာအတွင်း ခိုးဆိုးလုယက်မှုတွေဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ရှဒေါင်ကျေးရွာ ပြည်သူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားထားပေမယ့် ရာမရောင်းချသူတွေရဲ့ နောက်ကွယ်မှာ အုပ်ချုပ်ရေးပိုင်းနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်နေတဲ့အတွက် ထိရောက်တဲ့ အရေးယူမှု မရှိသေးဘူးလို့လည်း ဆိုပါတယ်။

လက်ရှိမှာ ရှဒေါင်ကျေးရွာအုပ်ချုပ်ရေးကို KNG က ဆက်သွနေပေမယ့် ဆက်သွယ်လို့မရသေးတာလည်းဖြစ်ပါတယ်။

ရှဒေါင်ကျေးရွာဟာ မြစ်ကြီးနားမြို့ နမ့်ပေါင်လေတပ်စခန်းမရောက်ခင် မြို့အဝင်မှာရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်တပ်က အပြည့်အဝထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။

ကချင်ဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်တိုင်းနီးပါး မူးယစ်ဆေးဝါးရောင်းဝယ်သုံးမှုအခြေနေဟာတစ်နေ့ထက် တစ်နေ့ပိုပြီးဆိုးရွားလာနေတာလည်းဖြစ်ပါတယ်။

By – Hope

Show More

Leave a Reply

Back to top button