ခြိမ်းခြောက်ငွေတောင်းမှုတွေကြောင့် မြစ်ကြီးနား စျေးသည်တွေ ပိုခက်ခဲလာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ Viber ကနေ ခြိမ်းခြောက်ပြီး ငွေတောင်းတာတွေ ပိုများလာနေတယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။

ခြိမ်းခြောက်ငွေတောင်းနေသူတွေဟာ ကုန်စုံဆိုင်ပိုင်ရှင်တွေ၊ စျေးရောင်းစျေးဝယ်လုပ်နေသူတွေနဲ့ လုပ်ငန်းရှင်တချို့ကို Viber ကနေ ဆက်သွယ်ပြီး ငွေတောင်းနေတာဖြစ်ပြီး တောင်းတဲ့ငွေပမာဏဟာ လုပ်ငန်းအရွယ်အစားပေါ် မူတည်ကာ ကျပ်  သိန်းကနေ ၁၀ သိန်းဝန်းကျင်အထိ ရှိနေတယ်လို့ သိရပါတယ်။

အဖွဲ့အစည်းလိုလို လက်နက်ကိုင်လိုလိုနဲ့ခြိမ်းခြောက်ငွေညစ်နေတဲ့ကောင်တွေပါ သူတို့ကယူနီဖောင်းအပြည့်နဲ့ကျွန်တော်တို့ကိုစောင့်နေပါတယ်ဆိုပီး အလောတစ်ကြီးခေါ်တယ်။ နေရာအတိကျမပြောတော့ရှာတာဘယ်လိုမှရှာမတွေ့တော့မှ သူတို့မစ်ရှင်ရှိသေးလို့ အဲ့မှာမနေတော့ဘူး ပြန်တော့မယ် အကောင့်ထဲငွေပဲလွဲပေးလိုက်ပါဆိုပီး ငွေလွှဲစေချင်တဲ့သဘောနဲ့လိမ်စားတာပါ။ ရိုးရိုးလိမ်စားတာမဟုတ်ပဲ ခြိမ်းခြောက်တဲ့အနေနဲ့ငွေညစ်တာပါ ခံရသူပြည်သူတွေအတွက်တကယ့်ကိုစိတ်စိတ်ညစ်စရာပါလို့ ကုန်သည်တစ်ဦး KNG ကိုပြောပါတယ်။

ခုလို ခြိမ်းခြောက်ငွေတောင်းနေသူတွေဟာ ငွေပေးဖို့ နေရာချိန်းဆိုတာတွေ ရှိပေမယ့် လာရောက်ယူဆောင်တာမရှိဘဲ KPay ကနေသာ လွှဲပေးဖို့ ပြောဆိုနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ငွေမပေးရင် ဆိုင်ပိတ်ရတဲ့အထိ အခြေအနေတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အတွက် စျေးသည်နဲ့ ကုန်သည်တွေ စိုးရိမ်နေကြပါတယ်။

အစပိုင်းမှာတော့ လုပ်ငန်းကြီးတွေကိုပဲ တောင်းတာများတယ်။ အခုတော့ ဆိုင်သေးသေးလေးတွေအထိ လာတောင်းနေကြတယ်။ မပေးရင် ဘာလုပ်မလဲဆိုတဲ့ ကြောက်စိတ်နဲ့ လုပ်နေရတယ်။ အလုပ်လုပ်ရတာထက် လုံခြုံရေးကိစ္စကို ပိုစိုးရိမ်နေရတယ်လို့ မြစ်ကြီးနားမြို့ခံ စျေးသည်တစ်ဦးက KNG ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့ပေါ်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့ကို KNG က ဆက်သွယ်မေးမြန်းရာမှာတော့ အခုလို ခြိမ်းခြောက်ပြီး ငွေတောင်းတာဟာ သူတို့အဖွဲ့က လုပ်ဆောင်တာ မဟုတ်ဘူး ပြောပါတယ်။

ဒါ့အပြင် ဒီလိုကျူးလွန်နေသူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေ ပူးပေါင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။

ကျွန်တော်တို့ဘက်က လုပ်တာမဟုတ်ပါဘူး။ ဒီလိုမျိုး လုပ်နေတဲ့သူတွေရှိရင် ကျနော်တို့ဆီကိုအချက်လက်အသေးစိတ်ပေးပို့နိုင်တယ်။ ပြီးရင် ပြည်သူတွေကိုယ်တိုင်လည်း ကျနော်တို့နဲ့ပူးပေါင်းပါဝင်ပေးဖို့တောင်ဆိုချင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြို့နေပြည်သူတွေရဲ့ ပြောပြချက်အရ အခုလို ခြိမ်းခြောက်ပြီး ငွေတောင်းတာတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ရှိလာခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ပိုမိုစိပ်လာတယ်လို့ သိရပါတယ်။ 

အရင်က လုပ်ငန်းရှင်တချို့ကိုသာ ပစ်မှတ်ထားတာတွေ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ စျေးဆိုင်အသေးစားတွေအထိ ပစ်မှတ်ထားလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာတာနဲ့အတူ မူးယစ်ဆေးသမားတွေကလည်း ငွေကြေးရဖို့ နည်းလမ်းမျိုးစုံ အသုံးပြုလာတာတွေ ရှိနိုင်တယ်လို့ မြို့ခံတချို့က သုံးသပ်နေကြပါတယ်။ 

လက်ရှိမှာတော့ ခြိမ်းခြောက်ပြီး ငွေတောင်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ရှိလာတာကြောင့် စျေးသည်နဲ့ ကုန်သည်တွေအနေနဲ့ နေ့စဉ်လုပ်ငန်းလုပ်ကိုင်ရာမှာ စိုးရိမ်မှုတွေ ရှိနေပြီး မြို့တွင်း ခိုးဆိုးလုယက်မှုနဲ့ တစ်ခြားမှုခင်းတွေ ပိုများလာမှာကို စိုးရိမ်နေကြပါတယ်။

ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ဟာ စစ်ကောင်စီအပြည့်ဝထိန်းချုပ်ထားတဲ့မြို့လည်းဖြစ်ပါတယ်။

By – Hope

Show More

Leave a Reply

Back to top button