ရွှေကူတိုက်ပွဲမှာ အရေးပါတဲ့ စစ်တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ကြောင်း KIO ပြော
စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ရှေ့တန်းခြေကုတ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ပြောပါတယ်။
ရွှေကူနဲ့ ငအိုးကြားမှာရှိတဲ့ ရွှေဘုန်းမြင့်ကျေးရွာမှာ ခြေကုတ်ရယူထားတဲ့ စစ်တပ်စခန်းကို ဇူလိုင် ၃၁ ရက်မှာ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို အတည်ပြုပြောပါတယ်။
“စစ်ကြောင်းတွေရဲ့ ခြေကုတ်စခန်းတစ်ခုကို သိမ်းယူလိုက်တာရှိတယ်။ အခုချိန်ထိလည်း စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာ ပုံမှန်ရှိနေသေးတယ်။ ဒါပေမယ့် KIA နဲ့ ပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်နေတာကြောင့် ရွှေကူဘက်ကို ဝင်ရောက်လာနိုင်တာတော့ မရှိသေးဘူး။ အဲဒါကြောင့် တိုက်ပွဲက နေ့တိုင်းလိုလို ဖြစ်နေပါတယ်“ လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ရွှေဘုန်းမြင့် ရှေ့တန်းစခန်းမှာ စစ်အင်အား ၃၀ ကျော် ချထားပြီး ရွှေကူမြို့ဘက်ကို ထိုးစစ်ဆင်ဖို့ တစ်လနီးပါး ကြိုးပမ်းနေတဲ့ စခန်းဖြစ်တယ်လို့ KIO ဘက်က ဆိုပါတယ်။
ရွှေကူမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်လာတာဖြစ်ပြီး တစ်လကျော်ကြာလာတဲ့အထိ ရှေ့ဆက်တိုးနိုင်တာ မရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ကျနော်တို့ သုံးသပ်တာက ဒီစစ်ကြောင်းတွေဟာ ဗန်းမော်ဘက်ကို ထိုးဝင်ဖို့၊ စစ်သင်္ဘောတွေ တက်လာတဲ့အချိန် လုံခြုံရေးယူပေးဖို့နဲ့ ကုန်းလမ်းကနေ စင်းခန်းအထိ နေရာယူနိုင်ဖို့ ရည်ရွယ်ပြီး တက်လာတာလို့ ယူဆပါတယ်။ ဇွန်လဆန်းကနေ အခုချိန်အထိ ရှေ့တိုးမလာနိုင်သေးဘဲ ဟန့်တားထားနိုင်တဲ့ အခြေအနေရှိပါတယ်” လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းတွေကို တပ်မ ၉၉ နဲ့ ငအိုးအခြေစိုက် စစ်တပ်တွေ ဦးဆောင်နေပြီး ရွှေကူ၊ ဗန်းမော်နဲ့ စင်းခန်းဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ KIO က ပြောပါတယ်။
လက်ရှိမှာတော့ ရွှေဘုန်းမြင့်ရှေ့တန်းစခန်းကို သိမ်းပိုက်ပြီးနောက် အနီးပတ်ဝန်းကျင်ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဆက်လက်နယ်မြေရှင်းလင်းနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က အရေးပါတဲ့ ရှေ့တန်းစခန်းတစ်ခု လက်လွတ်ခဲ့တာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်နီးပါး အရှိန်မြှင့်လုပ်နေတယ်လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“လေကြောင်းတွေ တအားလာတော့ အိပ်လို့တောင် မရဘူး။ ညတိုင်း လေယာဉ်နဲ့လာပစ်တယ်၊ အမြှောက်တွေနဲ့လည်း ပစ်တယ်။ မိုးရွာနေတာတောင် ပေါက်ကွဲသံတွေ အကျယ်ကြီးကြားရတယ်။ ဒီအခြေအနေကိုကြည့်ရင် စစ်တပ်ဘက်က ထိခိုက်မှုများတယ်လို့ ထင်တယ်” လို့ သူက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်ဟာ ရှေ့တန်းစခန်းတစ်ခု ဆုံးရှုံးခဲ့တဲ့အပြင် မကြာသေးခင်က တိုက်ပွဲတွေမှာလည်း အထိနာခဲ့တာကြောင့် ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်အပါအဝင် စစ်လေယာဉ်အမျိုးမျိုးနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေဟာ ငအိုးဘက်ကနေ လေးလမ်းဆုံအထိ တဖြည်းဖြည်း စစ်ကြောင်းထိုးလာပြီး ရွှေကူဘက်ကို ဝင်ရောက်နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




