NUG ငွေတိုက်ဝယ်မှုနဲ့ သမ္မတဟောင်း ဦးထင်ကျော်ဖမ်းဆီးခံရ ဆိုသည့် သတင်းအမှားဖြန့်နေ

“NUG ငွေတိုက်စာချုပ်ဝယ်မှုနဲ့ သမ္မတဟောင်း ဦးထင်ကျော်ဖမ်းဆီးခံရ DVB အတည်ပြုဆိုကြေညာပြီ” ဆိုပြီး Youtube ပေါ်တွင် ကြည်ရှုသူများပြားအောင် လုပ်ကြံဖန်တီးထားသော သတင်းခေါင်းစဥ်အမှားဖြင့် ဗီဒီယိုတစ်ပုဒ် ဖြန့်ဝေထားသည်ကို ထပ်မံ တွေ့ရသည်။
အဆိုပါ သတင်းခေါင်းစဥ်ဖြင့် အမှားကို ပရိတ်သတ် ၄ သောင်း ငါးထောင်ကျော် (Subscribers 45.1K) ရှိသော “People Tv” အမည်ရှိသည့် Youtube Channel တွင် စက်တင်ဘာလ (၉) ရက်နေ့တွင် စတင်ဖြန့်ဝေလာခဲ့ပြီး ယခုအချိန်တွင် ကြည်ရှုသူ ၃ ထောင့်ခြောက်ရာကျော်အထိ ရှိလာနေပြီဖြစ်သည်။
သတင်းဆန်းစစ်ချက်အရ “NUG ငွေတိုက်ဝယ်မှုနဲ့ သမ္မတဟောင်း ဦးထင်ကျော်ဖမ်းဆီးခံရ” ဆိုသည့် သတင်းကို ယုံကြည်စိတ်ချရသော မည်သည့် သတင်းမီဒီယာစာမျက်နှာများတွင်မျှ ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။
ထို့အပြင် သတင်းခေါင်းစဥ်နှင့် ဗီဒီယိုထဲက အကြောင်းအရာသည် တူညီမှုမရှိသည်ကိုလည်း တွေ့ရပါသည်။
ဗီဒီယိုထဲတွင် ဖော်ပြထားသောကြောင်းအရာမှာ သမ္မတဟောင်း ဦးထင်ကျော်ဖမ်းဆီးခံရသည့်သတင်းမဟုတ်ဘဲ “EAOs တွေ လက်နက်ဆက်ကိုင်ချင်ရင် BGF အဖြစ် ပူးပေါင်းနိုင်တယ်လို” အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ကို ပြန်လည်ဖော်ပြတဲ့ ဝါဒဖြန့်ဗီဒီယိုတစ်ခုသက်သက်သာ ဖြစ်နေသည်။
ထို့ကြောင့် “NUG ငွေတိုက်ဝယ်ယူမှုနဲ့ သမ္မတဟောင်း ဦးထင်ကျော်ဖမ်းဆီးခံရသည်” ဆိုသည့် အကြောင်းအရာသည် သတင်းခေါင်းစဥ်အမှား တစ်ခုသာဖြစ်သည်ကို တွေ့မြင်နိုင်သည်။
ယခုလို စိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်များဖြင့် သတင်းအမှားများကို ကြည်ရှုသူများစိတ်ဝင်စားအောင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းမှာ YouTube မှ ဝင်ငွေရှာဖွေနေခြင်းသာဖြစ်သည်။
သို့ဖြစ်ပါ၍ ဒီလို သတင်းခေါင်းစဥ် အမှားများဖြင့် Youtube ဗီဒီယိုများကို ကြည်ရှုသူတွေအနေနဲ့ သတိထားရမည်ဖြစ်ပြီး နေ့စဥ်သတင်းများကို ဖတ်ရှုသောအခါ ဒေသတွင်း သတင်းမီဒီယာများမှ ဖော်ပြသော သတင်းများကိုသာ ယုံကြည်သင့်ပါသည်။




