ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို ဖြေရှင်းပေးဖို့ ဘယ်သူ့မှာတာဝန်ရှိလဲ
စစ်တပ်အာဏသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ အလုပ်ကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးခက်ခဲလာတဲ့ မြန်မာပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာလာကြသူတွေ များစွာရှိနေပါတယ်။
ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ တရားဝင်အထောက်အထားနဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ၂၀၂၃ ဒီဇင်ဘာလအထိ ၂,၃၃၃,၀၉၁ ဦးထိရှိခဲ့ပေမယ့် ၂၀၂၄ မတ်လမှာတော့ ၃,၄၁၅,၇၄၄ ဦးထိတိုးလာခဲ့တာဘဲ ဖြစ်ပါတယ်။
ဒီအရေအတွက်နှစ်ခုကိုယှဉ်ကြည့်ခြင်းအားဖြင့် သုံးလအတွင်းမှာဘဲ တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သားအရေအတွက်ဟာ ၁,၀၈၂,၆၅၃ဦးထိတိုးလာခဲ့တာကို တွေ့ရပါတယ်။
သို့သော် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ သုံးသပ်ပြောဆိုချက်အရ တရားဝင်အထောက်အထားရှိသူအရေအတွက်နဲ့ တရားမဝင်နေထိုင်သူအရေအတွက်အားလုံးပေါင်း ၅ သန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
ခုလိုရွှေ့ပြောင်းလုပ်သားတွေများပြားလာတာနဲ့အတူ တစ်ဖက်မှာလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ လုပ်ခလစာ ငွေကြေးခေါင်းပုံဖြတ်ခံရမှုတွေကို မကြာခနကြုံတွေ့လာရတယ်လို့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေပြောပါတယ်။
ဒါကြောင့် ဒီလိုဖြစ်စဉ်တွေ ပိုမိုဆိုးရွားလာတာဟာ ဘယ်လိုအချက်တွေကြောင့်လဲ၊ ဘယ်သူတွေက ရွှေ့ပြောင်းလုပ်သားတွေကိုအကာအကွယ်ပေးဖို့တာဝန်ရှိလဲ၊ ဘယ်လိုနည်းလမ်းမျိုးနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကာကွယ်ပေးသင့်လဲဆိုတာနဲ့ပက်သက်ပြီး အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့အပြင် လက်ရှိ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်းဒေးရှင်း(Foundation For Education and Development- FED)အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကိုဆက်သွယ်မေးမြန်းထားပါတယ်။
မေး– မင်္ဂလာပါဆရာ ဆရာ့နာမည်နဲ့တာဝန်ယူထားတဲ့ အပိုင်းကို အရင်မိတ်ဆက်ပေးပါအုံးဗျ။
ဖြေ – ကျွန်တော်ကတော့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်း အဖွဲ့အစည်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ဖြစ်ပါတယ်။
မေး – ပထမဆုံးအနေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ငွေကြေးခေါင်းပုံဖြတ်ခံရမှုတွေကို မကြာခနကြားနေရတယ်ဗျ ဆိုတော့ ဒီလိုအခြေအနေတွေက ဘာကြောင့်ဖြစ်လာရတယ်လို့ ဆရာ့အနေနဲ့ မြင်မိပါလဲ။
ဖြေ–အဓိကတော့အစိုးရတွေကနေပြီးတော့ ကိုယ့်ရဲ့နိုင်ငံသားတွေကိုအလုပ်သမားအခွင့်အရေးရအောင် တိတိကျကျထဲထဲဝင်ဝင် အင်တိုက်အားတိုက် ဆောင်ရွက်ခြင်းမရှိတာက အဓိလို့ကျွန်တော်ကတွေ့ရတယ် တစ်ချိန်ထဲမှာဘဲ အလုပ်သမားတွေကအရမ်းများလာတဲ့အချိန်မှာ လုပ်ငန်းရှင်တွေအနေနဲ့က အလုပ်ကိုဈေးပေါပေါနဲ့ခိုင်းတာတို့ အလုပ်သမားအခွင့်အရေးနဲ့မညီညွှတ်ဘဲခိုင်းမယ်ဆိုရင်တောင်နောက်ထပ်အလုပ်သမားအသစ်တွေကရှိနေတာမျိုးပေါ့။ ဆိုတော့ အဲဒီအပေါ်မှာအခြေခံပြီးတော့ နေစဉ်နဲ့အမျှအလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။
မေး – နောက်တစ်ခုက အလုပ်သမားတွေအနေနဲ့ ခေါင်းပုံဖြတ်ခံရရင်တောင် တိုင်တန်းမှုတွေသိပ်မလုပ်တော့တာက ဘာကြောင့်ပါလဲဆရာ။
ဖြေ-“အဓိကမတိုင်တန်းဘူးဆိုတာက သံရုံးမှာရှိတဲ့ အလုပ်သမားသံအရာရှိတွေဘဲပြောပြော၊ စကစရဲ့သံအရာရှိတွေဘဲဖြစ်ဖြစ်၊ ဒီဘက်ကကိုယ့်ကိုယ်ကို အစိုးရလို့ပြောတဲ့အဖွဲ့တွေရဲ့ အလုပ်သမားသမားရေးဝန်ကြီးဌာနကဘဲဖြစ်ဖြစ် အလုပ်သမားတွေအနေနဲ့ဘယ်အဖွဲ့အစည်းကိုဘဲတိုင်တိုင် ဘာမှထိထိရောက်ရောက်မဆောင်ရွက်ပေးနိုင်ဘူး ဆိုတော့ အဲတာတွေကိုထိုင်းအစိုးရကကော ထိုင်းလုပ်ငန်းရှင်တွေကရောသိတယ် သိတော့ သူတို့က အလုပ်သမားတွေနဲ့ ကျွန်တော်တို့လိုအလုပ်သမားအခွင့်အရေးဆောင်ရွက်တဲ့ NGO လောက်ကဘဲ ပြောတယ်ဆိုတာကို ဂရုမစိုက်ဘူးပေါ့။ အဲဒါကြောင့် အလုပ်သမားအခွင့်အရေးတွေစဉ်ဆက်မပြတ် ချိုးဖောက်ခံနေရတယ်လို့ပြောတာ။ တကယ်လို့သာအစိုးရအဖွဲ့အစည်းတွေအနေနဲ့ အင်တိုက်အားတိုက် မျိုးချစ်စိတ်ရှိရှိနဲ့ ဆောင်ရွက်ပေးတယ်ဆိုလို့ရှိရင်တော့ ခုနကပြောတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု မပပျောက်သွားဘူးဆိုရင်တော့ သိသိသာသာလျှော့နည်းသွားမယ်ဆိုတာတော့ သေချာပါတယ်”။
မေး – ဆိုတော့ ခုလိုအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေမဖြစ်အောင်ကာကွယ်ဖို့ ဘယ်သူတွေမှာတာဝန်ရှိလဲဗျ။
ဖြေ–တာဝန်ရှိတယ်လို့ပြောရင်တော့ လက်ရှိအစိုးရပေါ့။ လက်ရှိနိုင်ငံတကာအနေနဲ့လက်ခံထားတယ်တာပေါ့ ဘယ်လောက်ဘဲ ဆိုရွားတဲ့အစိုးရဖြစ်ဖြစ်။ တစ်အချက်ကတော့ စကစ လက်ရှိစစ်ကောင်စီအစိုးရမှာ တာဝန်ရှိတယ်။ နောက်တစ်ချိန်တည်းမှာဘဲ ကိုယ်ရဲ့အခြေအနေအရ လုပ်ကူချင်တယ်ပေါ့ ကိုယ့်မှာလည်းအလုပ်သမားအရေးကို လုပ်ပေးချင်တဲ့ဆန္ဒရှိရင်လည်း NUGတို့လိုအစိုးရတွေကလည်း ဘာဘဲပြောပြော အလုပ်သမားတွေနဲ့ပက်သက်တဲ့ကိစ္စတွေလည်း လုပ်လို့ရမှာပါ။ ဘာလို့ဆို ကျွန်တော်တို့ကျန်တဲ့အလုပ်သမားအဖွဲ့အစည်းလေးတွေတောင် တက်နိုင်သလောက် လုပ်ပေးနိုင်တာဘဲ။ သူတို့ကိုယ်သူတို့ အစိုးရပါလိုပြောတဲ့အတွက် သူတို့အများကြီးလုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ထပ်ပြောရမယ်ဆိုရင် စစ်ကောင်စီအနေနဲ့တာဝန်ရှိတယ်။ ဒုတိယတစ်ချက်က NUGတို့လိုအလုပ်သမားဝန်ကြီးဌာနဖွဲ့ထားတဲ့ သူတို့တွေမှာလည်းတာဝန်ရှိတယ်။ သူတို့အနေနဲ့အလုပ်သမားရေးဝန်ကြီးဌာနတွေကို ပြည်ပမှာလာဖွင့်ထားတဲ့အစိုးရတွေဖြစ်ပြီးတော့မှ ရွှေ့ပြောင်းအလုပ်သမားနဲ့ပက်သက်တဲ့အခွင့်အရေးတောင် မလုပ်နိုင်ဘူးဆိုရင်တော့ သူတို့အလုပ်သမားဝန်ကြီးဌာနတွေအနေနဲ့ ဘာတွေလုပ်ဖို့ရှိလဲဆိုတဲ့ မေးခွန်းမေးစရာရှိလာတာပေါ့။
မေး – ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ခေါင်းပုံဖြတ်ခံရမှုတွေမဖြစ်ဖို့ဆိုရင်သူတို့အနေနဲ့ဘယ်လို့ လုပ်ဆောင်သင့်တယ်လို့ ဆရာ့အနေနဲ့အကြံပေးချင်လဲဗျ။
ဖြေ–ကျွန်တော်အနေနဲ့အကြုံပေးချင်တာကတော့ တစ်တစ်ချက်အနေနဲ့ ဘယ်လိုအခက်အခဲမျိုးဘဲရှိနေပါစေ တရားဝင်လက်မှတ်တွေရအောင် ကြိုးစားဆောင်ရွက်သင့်တယ်။ နှစ်အချက်အနေနဲ့ကတော့ အလုပ်သမားအခွင့်အရေးတစ်စုံတစ်ရာချိုးဖောက်ခံရတယ်၊ လုပ်ငန်းခွင်မှာပြဿနာတက်တယ်၊ နေရေးထိုင်ရေးကျန်းမာရေးနဲ့ လူမှုဖူလုံရေးရန်ပုံငွေတွေကအစ ပြဿနာတက်တယ်ဆိုရင် သက်ဆိုင်ရာနီးစပ်တဲ့အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီတောင်းပါ။ တစ်ချိန်တည်းမှာဘဲ သူတို့ကူညီနိုင်တာ မကူညီနိုင်တာထက် လက်ရှိသံရုံးတွေ ၊အလုပ်သမားရေးဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့အစည်းတွေကိုလည်း မေတ္တာရပ်ခံလို့ရပါတယ်။ အဓိကပြောချင်တာက ထိုင်းနိုင်ငံမှာနေလို့ရှိရင်တော့ တရားဝင်အထောက်အထားတွေရှိအောင် ဆောင်ရွက်ထားကြပါလို့ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်။
မေး – လက်ရှိတာဝန်ရှိတဲ့အစိုးရတွေအနေနဲ့ကော ဘယ်လိုနည်းလမ်းမျိုးနဲ့ရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်ပေးသင့်လဲ။
ဖြေ–အစိုးရတွေအနေနဲ့ကတော့ စနစ်ကျတဲ့ဒီရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်ပြီး ကျွမ်းကျင်နားလည်တဲ့ ပညာရှင်တွေနဲ့စနစ်တကျပူးပေါင်းဆောင်ရွက်ရမယ်။ နောက်အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အလုပ်သမားသမ္မဂတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ စနစ်တကျပူးပေါင်းဆောင်ရွက်ပြီးတော့ အလုပ်သမားရေးတွေမှာ မတရားတဖြင့် ပြောင်ပြောင်တင်တင်ချိုးဖောက်နေတဲ့ တချို့အလုပ်သမားအေဂျင်စီတွေကို အရေးယူအပြစ်ပေးသင့်တယ်လို့ ပြောချင်ပါတယ်။
မေး–နောက်ဆုံးအနေနဲ့ဆရာကနေပြီးတော့ ဖြည့်စွက်ပြောချင်တာများရှိမလားဗျ။
ဖြေ–ရွှေ့ပြောင်းအလုပ်သမားရေးဆိုတာ မြန်မာနိုင်ငံလို စစ်ဖြစ်နေတဲ့နိုင်ငံကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ရွှေ့ပြောင်းလာတဲ့နိုင်ငံသားတွေကို ပညာရေး၊ ကျန်မာရေး၊ အလုပ်သမားအခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်တယ်။ ကျွန်တော်တို့လို စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ နောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ နိုင်ငံတကာမှာရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခန်းကဏ္ဍက ပိုပြီးကြီးမားလာမယ့်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။ ဒါကြောင့်မို့လို့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဖွံ့ဖြိုးရေး၊ ပညာရေးကိစ္စတွေကို အစိုးရတွေအနေနဲ့ စနစ်တကျဆောင်ရွက်ပြီးတော့ အခုလာမယ့်မြန်မာပြည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ရွှေ့ပြောင်းအလုပ်သမားရေးကိစ္စကို အမျိုးသားရေးတစ်ရပ်တာဝန်အနေနဲ့ ဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
By – Hope