ကသာမြို့နယ်က လေကြောင်းတိုက်ခိုက်ခံရမှုမှာ နေအိမ် ၃ လုံးပျက်ဆီးပြီး အရပ်သား ၃ ဦးထိခိုက်
စစ်ကိုင်း–ကချင်အစပ် ကသာမြို့နယ်က ကာကွယ်ရေးတပ်တွေရဲ့ နောက်တန်းစခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီးနောက် နေအိမ် ၃ လုံးပျက်ဆီးကာ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၃ ဦးဟာ ကာကွယ်ရေးတပ်ဖွဲ့ နောက်တန်းစခန်းအနီးမှာ နေထိုင်ကြသူတွေဖြစ်ပြီး ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
“မိုးတားတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ နောက်တန်းစခန်းဗုံးကြဲသွားတာ။ ၁၁ နာရီဝန်းကျင်လောက်မှာတစ်လုံး ၁ နာရီလောက်မှာတစ်လုံး ဒါပေမဲ့အဲ့တစ်လုံးကမကွဲသွားဘူး။ ကားလမ်းဘေးဆိုတော့ အိမ်တွေတော့ထိခိုက်ပျက်ဆီးသွား တယ်။ သေဆုံးတာတော့မရှိဘူး။ ပြည်သူနှစ်ယောက်တော့ ထိရှဒဏ်ရာရသွားတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃ လုံး လုံးဝပျက်ဆီးသွားပြီး နောက်ထပ် ၄ အိမ်လောက်ကတော့ အနည်းငယ် ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့နေရာတစ်ဝှိုက်မှာ ယခင်ကဈေးဆိုင်တွေနဲ့စည်ကားခဲ့သောနေရာဖြစ်ပေမဲ့ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးအထိုင်ချခဲ့တာကြောင့် ဒေသခံတွေဟာဘေးလွှတ်ရာနေရာတွေမှာပြောင်းရွှေ့ ခဲ့ကြရာကနေ ကာကွယ်ရေးတပ်တွေရဲ့နောက်တန်းစခန်းဖြစ်လာတာလို့ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။
“၂၀၂၃ လောက်ကစပြီး ဒီတစ်ဝှိုက်ကို ရန်သူ့လှုပ်ရှားစစ်ကြောင်းကမလာတော့ဘူး။ သူတို့ကမြို့ပြင်နဲ့မြို့ပေါ်တစ်လျှောက်ပဲ ကင်းပတ်တော့တာ အဲ့တော့သူတို့က လှုပ်ရှားစစ်ကြောင်းမလာနိုင်တော့တဲ့အချိန်မှာ အနောက်ကနေပံ့ပိုးနေတယ်လို့ယူဆတဲ့ နေရာကို လေကြောင်းချတယ်ပေါ့လေ” လို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့အကြောင်းအရင်းဖြစ်နိုင်ခြေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပါတယ်။
ကသာမြို့နယ်ဟာ ကချင်ပြည်နယ်ရွှေကူမြို့နယ်နဲ့ကပ်လျှက်မှာတည်ရှိတဲ့မြို့ဖြစ်ပြီး လက်ရှိ မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်မြို့နဲ့လည်းမဝေးလှဘဲ စစ်ရေးအရအရေးပါတဲ့နေရာမှာတည်ရှိတဲ့မြို့လို့ ကာကွယ် ရေးတပ်တွေဘက်ကဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်း နိုင်ငံတစ်ဝှမ်းမှာလေကြောင်းတိုက်ခိုက်မှုတွေသိသိသာသာ ပိုတိုးလုပ်ဆောင်လာတာ ကိုတွေ့ရပြီး ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ ကချင်ပြည်နယ်အတွင်းက KIA ထိန်းချုပ်နေရာတွေမှာဆိုရင် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ ဦးထိသေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် ကသာမြို့နယ်နဲ့ကပ်လျှက်မှာရှိတဲ့ ရွှေကူမြို့နယ်က နေရာ ၄ ခုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လေကြောင်း တိုက်ခိုက်ခဲ့သေးပြီး အရပ်သား ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
by – အမိုး



