သတင်း

ပူတာအို ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးပြတ်လို့ ဆေးကုစရိတ် အကုန်ကျ များနေ

ကချင်ပြည်နယ်မြောက်ပိုင်း၊ ပူတာအိုပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးပြတ်တောက်သွားသောကြောင့် အပြင်ဆေးဆိုင်တွေကို အားကိုးနေရပြီး ဆေးကုစရိတ်အကုန်အကျ များနေတယ်လို့ သိရပါတယ်။

ဆေးလာကုတဲ့ လူနာတွေအနေနဲ့ အပြင်ဆေးဆိုင်တွေမှာ ဝယ်ယူနေရလို့ ဆေးကုစရိတ်တွေအကုန်အကျ များနေတယ်လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောဆိုလာပါတယ်။

သူတို့ပဲ လုပ်စားနေကြတာလား တကယ်ပဲဆေးဝါးတွေ မချပေးတော့ တာလားမသိဘူး။ ဟိုနေ့က နေမကောင်းလို့ သွားပြပါတယ် သောက်ရမယ့်ဆေးတွေပဲ ရေးချပေးလာတယ်။ အကုန်အပြင်ဆေးဆိုင်မှာရှာပြီးဝယ်နေရတာ ဆေးပဲ မရှိတာမဟုတ်ဘူး။ ဓာတ်ဆားထုတ်ကစ မရှိဘူး။ အပြင်မှာ ဝယ်ခိုင်းနေတာတော့ မဟုတ်သေးဘူးလို့ အသက် ၄၀ ကျော်အရွယ် ကောင်ကထောင် ရပ်ကွက်နေ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ပုံမှန်အားဖြင့် ပြည်သူ့ဆေးရုံမှာ အလှူငွေထည့်ဝင်ပြီး အခမဲ့ ဆေးကုနိုင်ပေမယ့် အခုနောက်ပိုင်းမှာတော့ ပြည်သူ့ဆေးရုံကြီးကနေ ဆေးဝါး မပေးတော့တာကြောင့် ဆေးကုစရိတ် ပိုမိုကုန်ကျနေတာလို့ အထက်ဖော်ပြပါ အမျိုးသားကဆက်ပြောပါတယ်။

ရိုးရိုးဖျားနာတာလောက်ဆိုရင် အရင်ကတော့ ပိုက်ဆံမကုန်ဘူးဆေးတွေကအခုက ဘာမဆိုအပြင်မှာဝယ်ရတော့ ဓာတ်ဆားတစ်ထုပ်တောင် ၈၀၀၊ ၁၀၀၀ စျေးကြီးတယ်။ အစာအိမ်ဆေးနဲ့ လေဆေးနှစ်မျိုးလေးကိုတောင် ၁၂၀၀၀ လောက်ပေးဝယ်ရတယ် အပြင်မှာဆေးရုံးကြီးကနေဆိုရင် အဲ့လောက်မပေးရဘူး” လို့ သူက ဆက်ပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ လက်ရှိပြည်သူ့ဆေးရုံကြီးကနေ ဆေးဝါးတွေ မပေးတော့တာကြောင့် လူနာရှင်တွေဟာ ဝါဂွမ်း၊ အရက်ပြန်၊ ဓာတ်ဆားထုပ်၊ ခေါင်းလေးလုံး(ဒီဂိုဂျင်)၊ အစာအိမ်လေဆေးတွေကအစ အပြင်ဆေးဆိုင်တွေ ဝယ်ယူနေရတာကြောင့် ဆေးကုစရိတ် နှစ်ဆလောက် ပိုကုန်တယ်လို့ သိရပါတယ်။

ဟိုနေ့က ကလေးကအအေးလည်းမိ ဝမ်းလည်းကိုက်နေလို့ဆိုပြီးဆေးရုံကြီးခေါ်သွားတာလေး ဓာတ်ဆားထုပ်ကအစအပြင်ကနေ ဝယ်ခိုင်းပါတယ်ဆို တခြား လေနာဆေးတွေ ခေါင်းကိုက်ပျောက်ဆေးတွေလည်းအကုန်အပြင်မှာဝယ်ရတယ်ပိုက်ဆံက ငါးသောင်းနဲ့ဆို လောက်မှာပဲဆိုပြီးယူသွားတစ်သိန်းခွဲကုန်လို့အိမ်ပြန်ယူရတယ် အပြင်မှာကဆေးလည်းအရမ်းစျေးကြီးတယ်လို့ ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ ပူတာအိုမြို့က ဆေးဆိုင်တွေမှာတော့ ပါရာစိမ်းတစ်ကဒ်ကိုကျပ် ၂၀၀၀ ၊ ဘိုင်အိုဂျစ်ဆစ် တစ်ကဒ် ၂၀၀၀ ၊ ဒီကိုဂျင် တလုံး ၂၀၀ ၊ အဆာအိမ်ဆေးတစ်ကဒ် ကျပ် ၆၀၀၀ ၊ ဓာတ်ဆားတစ်ထုပ် ကျပ် ၁၀၀၀ ပေးဝယ်ရပြီး အခြားဆေးဝါးတွေလည်း စျေးနှုန်းမြင့် တက်နေတယ်လို့ သိရပါတယ်။

အပြင်ဆေးဆိုင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလလောက်ကနေစလို့ ဆေးဝါးတွေကို လေကြောင်းကနေ တင်နေရတာကြောင့် စျေးတွေတင်ရောင်းနေရတာဖြစ်ကြောင်းလည်း ဆေးဆိုင်ပိုင်ရှင်တွေကဆိုပါတယ်။

ပူတာအိုပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးအလုံအလောက်မရှိတာတာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းကတည်းကလို့ ဆိုပေမယ့် ဒီနောက်ပိုင်း ဓာတ်ဆားထုပ် ကအစ ပြတ်လပ်တဲ့အထိဖြစ်လာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် ကလေးမီးဖွားတဲ့မွေးလူနာတွေလည်း တစ်ညကိုကျပ် ငါးသိန်းအထိကုန်ကျတာကြောင့် ယခုနောက်ပိုင်း ဆေးရုံကြီးမှာကလေးမီးဖွားဖို့ အခက်အခဲ ဖြစ်လာနေကြောင်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကနေစပြီး ကုန်းကြောင်းကနေ ကချင်ပြည်နယ်ဘက်ဆေးဝါးသယ်ယူခွင့်ကို စစ်ကိုင်းတိုင်းထဲကနေ တားမြစ်ထားတာကြောင့် လေကြောင်းကနေ သယ်ယူနေရလို့ ယခုနောက်ပိုင်း ကချင်ပြည်နယ်အတွင်း ဆေးဝါး အဆမတန်စျေးတက်လာတာ ဖြစ်ပါတယ်။

ပူတာအိုမြို့ အထက်ပိုင်းက နောင်မွန်း၊ ခေါင်လန်ဖူးစတဲ့ဒေသဘက်တွေမှာလည်း ပြည်သူ့ဆေးရုံကြီးတွေမှာ ဆေးဝါးပြတ်လပ်နေတာကြောင့်ပြည်သူတွေဆေးကုန်သရေး အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button