ရွေးကောက်ပွဲဆိုင်ရာသတင်း

ပူတာအိုခရိုင်မှာ မဲစာရင်းကြည့်သူနည်းနေတဲ့အတွက် မဲစာရင်းကြေငြာတဲ့ရက်ထပ်တိုး

ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ အောက်တိုဘာလ တစ်ရက်နေ့ကစပြီး မဲစာရင်းတွေကြေငြာထားပေမယ့် လာကြည့်တဲ့သူတွေနည်းတာကြောင့် မဲစာရင်းကြေငြာရက်ထပ်တိုးထားကြောင်း ဒေသခံများထံမှသိရပါတယ်။

ပူတာအိုခရိုင်ထဲက ပူတာအိုမြို့၊နောင်မွန်မြို့၊ ခေါင်လန်ဖူး၊ မချမ်းဘောမြို့နယ်တွေမှာ မဲစာရင်းတွေကို မူလက အောက်တို ဘာ ၁ ရက်နေ့ကနေ ဒီကနေ့ ၁၃ ရက်နေ့အထိကပ်ထားဖို့ကြေငြာခဲ့ပေမယ့် ဒီနေ့ထိ လာကြည့်တဲ့သူမရှိသလောက်နည်းနေတာကြောင့် မဲစာရင်းကြေငြာတဲ့ရက် တစ်ပတ်တိတိထပ်တိုးထားကြောင်း ပူတာအိုမြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက KNG ကိုပြော ပါတယ်။

ရှိတဲ့မဲစာရင်းနဲ့လာကြည့်တဲ့မဲစာရင်းကအရမ်းကွာနေတယ် တော်တော်ကြီးနည်းနေတော့ ၁၃ ရက်အထိပဲဆိုရင်အဆင်မပြေဘူး။ နောက်ထပ် ၇ ရက်ထပ်တိုးရမယ်ဆိုပြီး ဒီလ(အောက်တိုဘာ ၂၀) အထိတိုးထားတယ်လို့သူကပြောပါတယ်။

ရွေးကောက်ပွဲဥပဒေအရ မဲစာရင်းကြေငြာတဲ့ကာလအတွင်း မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းမှာ ကိုယ့်နာမည်မပါရင် ပုံစံ( ) နဲ့ဖြည့်စွက်ရှောက်ထားရမှာဖြစ်သလို ကွယ်လွန်သွားတဲ့ မိသားစုဝင်တွေရဲ့နာမည်တွေပါလာရင်လည်း ပုံစံ ()နဲ့ ကန့်ကွက်ရှောက်ထားရမှာဖြစ်ပေမယ့် လတ်တလော လိုက်နာသူမရှိသလောက်နည်းနေကြောင်းအထက်ဖော်ပြပါရပ်ကွက် အုပ်ချုပ်ရေးမှူး ကဆက်ပြောပါတယ်။

ပူတာအိုနဲ့အလားတူနောင်မွန်မြို့ပေါ်မှာလည်း ပြီးခဲ့တဲ့ အောက် တိုဘာ ၁ ရက်နေ့ကတည်းကနေ စတင်ပြီးမဲစာရင်းတွေကြေငြာထားပေမယ့် လာကြည့်သူနည်းတာကြောင့် ၂၀ရက်နေ့အထိ ရွေ့ထားကြောင်းဒေသခံတွေဆီကနေသိရပါတယ်။

ဒီမှာတော့စာသင်ကျောင်းမှာကပ်ထားတယ် သူတို့လော်စပီကာတဲ့လည်းကြေငြာတယ်မဲစာရင်းလာကြည့်ကြဖို့တော့ ကြည့်တဲ့သူမရှိဘူး ကျွန်မကိုယ်တိုင်လည်းသွားမကြည့်သေးဘူး။ အခုကပ်ထားတာနှစ်ပတ်တောင်ကျော်ပြီ ကိုယ့်ပတ်ဝန်းကျင်မှာလည်းဘယ်သူမှသွားမကြည့်ကြလို့လားမသိအခုထိသွားမကြည့်ရသေးဘူးလို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးကပြော ပါတယ်။

လက်ရှိ ပူတာအိုနဲ့ နောင်မွန်မြို့ပေါ်တွေမှာတော့ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲမှာပါဝင်ယှဥ်ပြိုင်ဖို့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ကြံ့ခိုင်ရေးပါတီ (USDP)ပါတီတွေက ပါတီဝင်တွေလိုက်လံစည်းရုံတာ၊ ပါတီရုံးခန်းဖွင့်တာနဲ့ ပါတီဆိုင်းဘုတ်ထောင်တာတွေစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကျင်းပမယ့် စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်တွင်း KIA ထိန်းချုပ်ထားတဲ့ ဆော့်လော်၊ချီဖွေ၊အင်ဂျန်းနယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေမှာ ပြည်သူ့လွှတ်တော်နေရာအတွက် ရွေးကောက်ပွဲ ကျင်းပသွားမှာမဟုတ်ကြောင်း စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်(UEC)က စက်တင်ဘာ ၁၄ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက ယခုရွေးကောက်ပွဲကိုအပိုင်း နှစ်ပိုင်းခွဲကျင်းပသွားမှာဖြစ်ပြီး ပထမအပိုင်း ၁ ကို နယ်မြေတည်ငြိမ်အေးချမ်းတဲ့မြို့နယ်တွေမှာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ကနေစတင်ကျင်းပသွားမယ်လို့ သြဂုတ်လက UEC ကနေ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ ကချင်ပြည်နယ်ထဲက တနိုင်းမြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပူတာအိုမြို့နယ်၊ ခေါင်လန်းဖူးမြို့နယ်၊နောင်မွန်းမြို့နယ်နဲ့ မိုးညှင်းမြို့နယ်တွေပါဝင်မှာဖြစ်တယ်လို့သိရပြီး စက်တင်ဘာလ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်၊ စစ်ရှောင်စခန်းနေရာတစ်ချို့တွေမှာ ပထမအကြိမ်မဲစာရင်းစတင်ကြညာနေပြီဖြစ်တယ်လို့ သိရပါတယ်။

ပူတာအိုခရိုင်အတွင်းမှာရှိတဲ့ ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးစတဲ့မြိုနယ်တွေမှာ မဲစာရင်းတွေကို စက်တင်ဘာ ၃၀ ရက်နေ့ကနေစတင်ကာရပ်ကွက်နဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး ပေါင်း (၇၈)ရုံမှာတပြိုင်နက်တည်းကြေငြာထားကြောင်းသိရပါတယ်။

စစ်ကောင်စီခန့် ပူတာအိုခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးရဲ့ထုတ်ပြန်ချက်အရပူတာအိုခရိုင်အတွင်းမှာ မဲရုံပေါင်း(၁၂၂)ရုံရှိပြီး မဲဆန္ဒရှင်(၅၈၁၇၆)ဦးအနက် တိုင်းရင်းသားမဲဆန္ဒရှင် (၅၂၅၉၃)ဦးအထိရှိကြောင်းသိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button