ပူတာအို-နောင်မွန်လမ်းပိုင်းကို စစ်ကောင်စီတပ်တပ် ထန်ဂါးရွာကနေပိတ်ထား
ကချင်ပြည််နယ် ပူတာအို – နောင်မွန် ကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ထန်ဂါးကျေးရွာကနေပိတ်ထားကြောင်းဒေသခံများထံမှ သိရပါတယ်။
ပူတာအိုကနေ နောင်မွန်မြို့နယ်ဘက်ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကနေစပြီး မချမ်းဘော့မြို့နယ်အထွက်ရှိ ထန်ဂါးကျေးရွာကနေပိတ်ထားကြောင်းပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ဒီကနေထန်ဂါးအထိသွားလာလို့ရတယ် ထန်ဂါးကနေတော့အဝင် အထွက်လုံးဝမရဘူး။ လောလော ဆယ်ပိတ်ထားတယ်ဘယ်တော့ ပြန်ဖွင့်ပေးမလဲတော့မသိသေးဘူး”လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။
ထန်ဂါးကျေးရွာကနေ အဝင်၊အထွက်ပိတ်ထားတာကြောင့် လောလောဆယ် နောင်မွန်ဘက်သွားလာလို့မရတဲ့အပြင် လက်ရှိ ထန်ဂါးနဲ့ နောင်မွန်ကြားထဲကကျေးရွာကျေးရွာ ၁၀ ရွာနီးပါးအသွားအလာပြတ်တောက်နေတယ်လို့ သိရပါတယ်။

ခုလိုလမ်းပိတ်ထားတဲ့အတွက် ဒေသခံပြည်သူတွေလယ်ရိတ်သိမ်းဖို့လိုအပ်တဲ့ ဆန်၊ဆီ၊ဆား အစရှိတဲ့ အခြေခံစားသောက်ကုန် ဝယယူဖို့ အခက်အခဲတွေ ရင်ဆိုင်နေရကြောင်းသိရပါတယ်။
“ထန်ဂါးရွာ ပူတာအိုနဲ့နောင်မွန်သွားတဲ့လမ်းမှာရှိတယ် မချမ်းဘော့နဲ့ နောင်မွန်ကြားထဲကရွာပေါ့ လောလောဆယ်တော့ အတက်အဆင်းမရသေးဘူး။အရမ်းခက်နေပြီ”လို့ နောက်ထပ် နောင်မွန်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ထန်းဂါးကျေးရွာအနီးရှိ ချန်ခကျေးရွာမှာ KIA၊KPDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်၊ရဝမ်ပြည်သူ့စစ်ပူးပေါင်းတပ် တွေကြားထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က အခုလိုလမ်းပိတ်လိုက်တာ ဖြစ်ကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှ်ိသူတစ်ဦးက အခုလိုပြော ပါတယ်။
“စကစ( စစ်ကောင်စီတပ်)ဘက်က ပိတ်တာနေမှာကျနော်တို့ဘက် ကတော့အဲ့လိုမျိုးလမ်းပိတ်ထားတာတွေမရှိဘူး”လို့သူက ပြောပါတယ်။
စစ်ကောင်စီတပ်ကပိတ်ထားတဲ့ ထန်ဂါးကျေးရွာကနေတဆင့် ခေါင်လန်ဖူးမြို့နယ်ထဲကိုဝင်ရောက်နိုင်သလို ပူတာအိုမြို့နယ်ထဲကိုလည်းဝင်ရောက်လာနိုင်တဲ့အတွက် စစ်ရေးအရ ပိတ်ထားတာဖြစ်နိုင်ကြောင်းပူတာအိုမြို့ခံ အခြားအမျိုးသားတစ်ဦးက အခုလိုသုံးသပ်ထားပါတယ်။
“ပူတာအိုဘက် KIA၊PDF တွေဝင်လာမှာဆိုးလို့ပိတ်ထားတာလို့တော့ပြော နေကြတယ်ဗျအခုပိတ်ထားတဲ့လမ်းက KIA ၊ PDF တွေဝင်လာနိုင်တဲ့လမ်းနှစ်ခုထဲက တစ်ခုဟုတ်တယ် အဲ့ကြောင့်အဲ့လမ်းကိုပိတ်တာနေမှာ”လို့သူကပြော ပါတယ်။
ဒါ့အပြင် ပူတာအို– မြစ်ကြီးနားလမ်းပိုင်းရှိ ပူတာအိုမြို့မရောက်မှီ လုံးရှာယာန်၊ ဆွမ်ပီယာန်၊တန်ဂျာ၊ နဲ့မူလာရှီီးဒီစတဲ့ကျေးရွာလေးရွာတွေမှာလည်း စစ်တပ်ကအင်အားသုံးပြီးတပ်ထိုင်ထားတာဖြစ်ပါတယ်။
By – Zaw Zaw



