သတင်း

စျေးကောင်းရပြီး ရှာဖွေသူများတဲ့ ဘေချီဥ

ကချင်ပြည်နယ်၊ ပူတာအို‌ဒေသရေခဲတောင်နဲ့ကျောက်ဆောင်တွေမှာ ခက်ခဲစွာရှာဖွေရတဲ့ ဘေချီဥဟာ ဒီနှစ်မှာအထွက်နည်းသွားပြီဖြစ်ပေမဲ့ ရှာဖွေသူတွေများတယ်လို့ ဘေချီဥရှာသူတွေက ပြောပါတယ်။

ဘေချီဥဆိုတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဟာ စျေးကောင်းရတာကြောင့် ဒေသခံတွေက ဒီရာသီရောက်တိုင်း အသက်နဲ့ရင်းပြီး ရှာဖွေကြတာဖြစ်ပြီး ဒီနှစ်မှာတော့ ခေါင်လန်ဖူးတရုတ်နယ်စပ်ဘက်မှာ စျေးပိုရရှိနေတာကြောင့် ရှာဖွေသူတွေများနေတယ်လို့ ဘေချီဥရှာဖွေသူအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

အရင်နှစ်က စျေးနှုန်းလည်း အဲလောက်မရှိဘူး။ ဒီနှစ်က စျေးနှုန်းပိုများတယ်။ အရင်နှစ်က ရှာရတာနည်းနည်းလွယ်တယ်။ ဒီနှစ်က ခက်ခဲတယ်။ ဘေချီဥကို ရှာတဲ့သူတွေက ဒီနှစ် ပိုများတယ်။ အရင်နှစ်တွေက အဲလောက်မရှိဘူး။ ဘေချီဥက တောင်၊ကျောက်ကမ်းပါးပေါ်မှာပဲ ရှိတယ်လို့ ခေါင်လန်ဖူးနယ်စပ်ဘက် ဘေချီဥ ရှာဖွေသူ လူငယ်တစ်ဦးက ပြောပါတယ်။

စျေးကောင်းရတဲ့ ဘေချီဥကို ဒေသခံတွေ ခက်ခက်ခဲခဲရှာဖွေနေတဲ့မြင်ကွင်း Photo – Char Gou Lover

ဘေချီဥဟာ ခါတိုင်းနှစ်တွေလို မထွက်တော့သလို ရှာဖွေရတာလည်း ပိုခက်ခဲသွားပြီလို့ ပြောပါတယ်။

လက်ရှိ ခေါင်လန်ဖူးဘက်မှာ ဘေချီဥ တစ်ကီလိုနဲ့ကိုက်ညီတဲ့ တရုတ်ကျင် တစ်ကျင်ကို ယွမ် ၉၁၀ ၊ ယွမ် ၉၂၀ အထိ စျေးရနေတယ်လို့ ဘေချီဥ ရှာဖွေသူတွေက ပြောပါတယ်။

တစ်ရက်ရှာရင် တစ်ကျင်ရတဲ့သူလည်းရှိတယ်။ တစ်ကျင်ခွဲ နှစ်ကျင်ရတဲ့သူတွေလည်းရှိတယ်။ ကျောက်ကမ်းပါးတွေမှာ ခက်ခက်ခဲခဲ စွန့်စားရှာကြတဲ့သူတွေက ရတယ်။ ဆိုတော့ တစ်ရက်ကို တရုတ်ငွေ ၁၅၀၀၊ ၁၆၀၀ ယွမ်လောက်ရတယ်လေ။ ဒါကြောင့် ဒီလောက်ခက်ခဲရင်လည်း ရှာနေကြတာဟုတ်တယ်။ အခုချိန် ရွာမှာက ပိုက်ဆံရတဲ့ နည်းလမ်းကမရှိဘူး။ ဒါကြောင့် ခက်ခဲလည်း ရှာကြတာဟုတ်တယ်လို့ဘေချီဥ ရှာတဲ့ အမျိုးသားကဆက်ပြောပါတယ်။

ဒါပေမယ့် ပူတာအိုဘက်မှာတော့ ဘေချီဥ ခါတိုင်းနှစ်လို စျေးမရတဲ့အပြင် ဝယ်တဲ့သူတွေလည်း မရှိသလောက်နည်းနေပေမယ့် ရှာဖွေသူတွေ အရင်နှစ်ထက် ပိုများနေတယ်လို့ ပူတာအိုဘက်က ဒေသခံတွေ ပြောပါတယ်။

ပူတာအို၊ ခေါင်လန်ဖူး ဒေသဘက်မှာနေထိုင်တဲ့ ဒေသခံတွေက ရှာဖွေပြီးရလာတဲ့ ဆေးဖက်ဝင် ဘေချီဥတွေကို တရုတ်ပြည်ဘက်ခြမ်းကို သွားရောင်းပေးသလို တရုတ်ဘက်ကနေလည်း ပူတာအို၊ ခေါင်လန်ဖူးဘက်အထိလာဝယ်တဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။

ပူတာအိုဒေသမှာ ဘေချီဥထွက်ရှိတဲ့တောင်ကုန်း တောင်တန်းနေရာ Photo – Char Gou Lover

ဘေချီဥကို ဩဂုတ်လကစတင်ပြီး အောက်တိုဘာလကုန်ပိုင်းအထိ ရှာဖွေကြတာ ဖြစ်ပါတယ်။

ဘေချီဥဟာ ရေခဲတောင်ပြိုတဲ့အချိန် တောင်ထိပ်ကျောက်ကမ်းပါးပေါ်တွေမှာ သေးငယ်သော အပင်နဲ့ကျပေါက်တာလို့ သိရပြီး သွားလာရလွယ်ကူတဲ့ နေရာမှာမရှိပဲ ကျောက်ကမ်းပါးပေါ်မှာပဲရှိတာကြောင့် ဘေချီဥကို ရှာကြတဲ့သူတွေက ကြိုးတွေနဲ့ ဆွဲချီပြီး ကျောက်ကမ်းပါးမှာရှာဖွေကြတာ ဖြစ်ပါတယ်။  

ဒါကြောင့် ကမ်းပါးကနေပြုတ်ကျသေဆုံးသူတွေလည်း နှစ်စဉ်ရှိနေတာဖြစ်ပါတယ်။

ဒီနှစ်မှာလည်း ပူတာအိုနဲ့ ခေါင်လန်ဖူးတွေမှာ ဘေချီဥရှာဖွေတာကြောင့် ရေခဲတောင် ကျောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျသေဆုံးသူ စုစုပေါင်း ၈ ဦးထက်မနည်းရှိပြီလို့ KNG ကနေ စုံစမ်းသိရှိရပေမယ့် မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုကြပါတယ်။

အဘယ့်ကြောင့်ဆိုသော် ဘေချီဥရှာသွားပြီး လူသူမသိပဲ အသက်သေဆုံးသွားတဲ့သူတွေလည်း ရှိတာကြောင့် သေဆုံးစာရင်းအတိအကျသိရှိနိုင်ဖို့က ခက်ခဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုဘက်မှာ ဘေချီဥ ရှာသွားဖို့ တစ်ခါသွားရင် ၃ ပတ်ကနေ တစ်လစာအထိ ရိက္ခာတွေ သယ်သွားပြီးရေခဲတောင်ပေါ်တွေမှာ နေထိုင်ကာ ဆေးမြစ်ရှာကြတယ်လို့ သိရပါတယ်။

အဲဒါအပြင် ခေါင်လန်ဖူးဘက်မှာလည်း ၂ ပတ်ကနေ ၃ ပတ် ၊ တချို့ဆိုရင် ရိက္ခာကုန်ရင် တရုတ်ဘက်ကနေ သွားယူပြီး တောင်ပေါ်မှာ လချီတဲ့အထိ တောင်ပေါ်မှာနေပြီး ဘေချီဥ ရှာကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။  

အသက်မွေးဝမ်းကျောင်းအတွက် ဝင်ငွေရှာဖို့ လုပ်ငန်းအခွင့်အလမ်းမရှိတာကြောင့် ပူတာအို၊ခေါင်လန်ဖူးဒေသထဲက ပြည်သူတွေက အခုလို ရာသီအလိုက်ထွက်ရှိတဲ့ ဆေးမြစ်၊ သစ်မြစ်၊ သစ်ဖု၊ ဆေးဥ တွေကို ရှာဖွေကြရင်း ဝင်ငွေရှာဖွေနေကြတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button