ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေထဲက ၅ ဦး ပြန်ဖမ်းမိ
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၁၂ ဦး ပြီးခဲ့တဲ့ရက်ပိုင်းကထွက်ပြေးသွားခဲ့ပြီး အဲ့ဒီထဲက စစ်သုံ့ပန်း ၅ ဦးကိုပြန်ဖမ်းမိပြီလို့ အမည်မဖော်လိုတဲ့စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာဘဲ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းမှာ တော်လှန်ရေးအင်အားစုတွေ ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၁၂ ဦးဟာ ကင်းစောင့်နေတဲ့ရဲဘော်တွေဆီကလက်နက်တွေယူပြီးထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
“တပ်မဟာမှူးကိုမိတုန်းကအဖွဲ့တွေ ဟုတ်တယ်လွတ်သွားတာ။ အင်းတော်ကမိတဲ့အရာရှိတွေကြီးဘဲ။ အနိမ့်ဆုံးက ၂ ပွင့်။ မြို့နယ်ရဲမှူး တစ်ယောက်ပါတယ်။အခု ငါးယောက်ကပြန်မိသွားပြီ။ ကျန်တာတွေကတော့ လွတ်နေသေးတယ်။ သေနတ်က သုံးလက် အဲ့တာလည်းပြန်ရပြီ”လို့အမည်မဖော်လိုတဲ့စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသူစာရင်းဟာ ၁၃ ဦးဖြစ်တယ်လို့ သတင်းဌာနတွေကရေးသားနေပေမဲ့ မြေပြင်သတင်းရင်းမြစ်တွေ ကတော့ ၁၂ ဦးသာဖြစ်တယ်လို့တုံ့ပြန်ပြီး ပြန်ဖမ်းမိတဲ့ စစ်သုံ့ပန်း ၅ ဦးကဘယ်သူဘယ်ဝါဆိုတာ လုံခြုံရေးအရအတည်ပြုလို့မရ သေးကြောင်း အထက်ပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။

ဒါ့အပြင် ထွက်ပြေးလွတ်မြောက်သွားတဲ့ သုံ့ပန်းအားလုံးဟာ အနိမ့်ဆုံး ၂ပွင့်ရှိသူ အရာရှိနဲ့ သူ့နယ်ပယ်နဲ့တူ ရာထူးကြီးသူတွေ ဖြစ်ကြပြီး လက်ရှိအချန်ထိလွတ်မြောက်နေသူတွေရှိသေးတာကြောင့် လေကြောင်းအန္တရာယ်တော့စိုးရိမ်ရတဲ့အခြေနေလို့ စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။
ဒီအခြေနေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးများရုံးရဲ့ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ ခုလိုပြောပါတယ်။
“ကျနော်လည်းအတိအကျတော့ report တောင်းထားတယ်။ မရောက်လာသေးဘူး။ ကျနော်တို့လည်းသတင်းတွေတော့ ကြားတယ်။ဒါပေမဲ့ အတိအကျဘယ်လိုဖြစ်တယ်ဆိုတဲ့ဖြစ်စဥ◌်နဲ့ပတ်သက်ပြီး report က အခုထိကျနော့ဆီမရောက်သေးဘူး ဖြစ်နေပါတယ်ဗျ”လို့ ပြောပါတယ်။
အင်းတော်မြို့နယ်ကို ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကဘဲ တော်လှန်ရေးအင်အားစုတွေကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဟာ သိမ်းပိုက်ပြီးချိန်မှယနေ့အထိဖြစ်ပါတယ်။
အင်းတော်မြို့ကိုသိမ်းပိုက်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကစတင်ပြီး ထိုးစစ်စခဲ့တာဖြစ်ပြီး ၈ လနီးပါးအကြာ ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာဘဲအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီမြို့သိမ်းတိုက်ပွဲကို NUG ရဲ့ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ က အထူး စစ်ကြောင်း၊ မိုးညှင်း၊ စစ်ကိုင်း၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ရွှေဘို၊ ပြင်ဦးလွင်၊ ကလေး၊ မြင်းခြံ၊ ပခုက္ကူ ဒေသတွေ မှာ ရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ကျောင်းသားတပ်မတော် ABSDF တို့က ပူးပေါင်းပါဝင်ခဲ့တယ်လို့ NUG က ဆိုပါတယ်။
အင်းတော်မြို့နယ်ဟာ ကချင်ပြည်နယ်ဝင်ပေါက် နန့်စီးအောင်မြို့နဲ့ ၂၇မိုင်အကွာမှာဘဲတည်ရှိသလို မန္တလေး–မြစ်ကြီးနား ရထားလမ်း၊ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်မှာတည်ရှိတဲ့မြို့ကြီးဖြစ်ပါတယ်။
By – အမိုး



