ဗန်းမောက်မြို့ လေကြောင်းအပြင် လက်နက်ကြီးနဲ့တိုက်ခိုက်ခံရပြီး နေအိမ်အဆောက်အဦးတစ်ချို့ မီးလောင်ပျက်ဆီး
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့က အဆောက်အဦးတစ်ချို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာကနေ မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း မြစ်သေးချင်းကျေးရွာကိုလေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက် ခိုက်ခဲ့ပြီး အဲ့ဒီနေ့တစ်ရက်တည်းမှာဘဲ နားယကာကျေးရွာလမ်းဆုံက နေအိမ်တစ်လုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ နားယကာနဲ့ခမိုးကျေးရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ် တွေက ၁၂၀မမ ဗုံးသီးတွေအသုံးပြုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်ကအကျဥ်းထောင်အဆောက်အဦးနဲ့ အဆောက်အဦး တချို့မီးလောင်ပျက်ဆီးခဲ့ရတယ်လို့သိရပါတယ်။
“အဲ့ဒီနားယကာမှာ SNA ကထိုင်ထားတာရှိတယ်။ တော်လှန်ရေးအင်အားစုတွေကတော့ မြို့ထဲမှာပေါ့။ အချုပ်ထောင်လည်း မီးလောင်သွားတာရှိတယ်။ ပြီးရင် ဘေးနားကအဆောက်အဦးတွေပါမီးကူးကုန်တာပေါ့။ အဲ့တာကို KIA နဲ့ PDF တွေက မီးရှို့ တယ်ဆိုပြီး ဝါဒဖြန့်နေသေးတယ်”လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
လက်ရှိတော့ ဗန်းမောက်မြို့မှာ နှစ်ဖက်တပ်တွေအကြားထိတွေ့တိုက်ပွဲတွေမရှိပေမဲ့ လက်နက်ကြီးတွေနဲ့အဝေးကနေ အပြန်အလှန် ပစ်ခတ်ကြတာတွေတော့ရှိနေဆဲဖြစ်တာကြောင့် စစ်ရေးတင်းမာနေဆဲအခြေနေလို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေဟာ ဗန်းမောက်မြို့ကိုလက်လွှတ်လိုက်ရတဲ့နောက် အင်အားဖြည့်တင်းမှုတွေလုပ်ထားသလို ဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအသုံးပြုပြီး ထိုးစစ်တွေဆက်တိုက်လုပ်နေတာ ဖြစ်ပါတယ်။
“အဓိကကတော့ SNA ကသူတို့ချည်းပဲဆိုရင် မရဘူး။ စစ်ကောင်စီကအကူညီတွေလှမ်းပေးနေတာ။ ဟုမ္မလင်းဘက်ကနေ တပ်မ ၃၃ စစ်ကူတွေလည်းရောက်လာတယ်။ စစ်ကူနဲ့အတူ လက်နက်ကြီးတွေဒရုန်းတွေ ဒရုန်းဆိုလည်း အဆင့်မြင့်ဒရုန်းတွေပေါ့ လေ”လို့အထက်ပါဒေသခံကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ နောက်ဆုံးအပတ် ဗန်းမောက်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ပြီးတဲ့နောက် နှစ်ဖက်တပ် တွေအကြား ဗန်းမောက်မြို့ကပ်လျှက်ရွာတွေမှာ တိုက်ပွဲပြင်းထန်နေကြပြီး အရပ်သားထောင်နဲ့ချီဘေးလွှတ်ရာတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ရှမ်းနီအမျိုးသားတပ်မတော် SNA ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက် အပါအဝင် ကချင်ပြည်နယ်ထဲ က မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့နယ် တို့တွင်စစ်ရေးလှုပ်ရှားကြတယ်လို့သိရပါတယ်။
ဗန်းမောက်မြို့နယ်ဟာ စစ်ကိုင်းတိုင်း ကသာခရိုင်အတွင်းက မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်ပြီး ရှမ်းနီ၊ ကဒူး၊ ကနန်း စတဲ့တိုင်းရင်း သား အများစုနေထိုင်ကြတဲ့ဒေသဖြစ်ပါတယ်။
By – အမိုး



