ဗန်းမော်မြို့မှာ ဒီကနေ့ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာချိန် စစ်တပ်ဘက်ကလည်း KIA တပ်ရင်း (၁၁) နဲ့ လိုင်ဇာဌာနချုပ် နေရာတွေကို လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ညနေ ၄ နာရီဝန်းကျင်လောက်မှာ မြစ်ကြီးနားမြို့နယ် KIA တပ်ရင်း (၁၁) ထဲမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။ အခုချိန်အထိတော့ ဘယ်လောက်ထိ အခြေအနေဖြစ်ခဲ့တာကို အသေးစိတ်မသိရသေးဘူး။ ပြောနိုင်တာက ဗန်းမော်ဘက်ကို တိုက်ပွဲပြင်းထန်နေတာဖြစ်တဲ့အတွက် တပ်ရင်း (၁၁) နေရာမှာ လာပစ်တယ် အဲ့လိုပဲမြင်တယ်” လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း ၅ နာရီဝန်းကျင်လောက်ကနေ ဗန်းမော်မြို့ရှိ ကျန်ရှိနေသော စစ်ကောင်စီ တပ်စခန်းနေရာကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်မျက်နှာ သုံး၊ လေးခုနဲ့ ပြန်လည်တိုက်ခိုက်နေသလို မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီ၏ လေတပ်ဌာနချုပ်နေရာကိုလည်း ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗန်းမော် ထိုးစစ်မှာ ခလရ ၄၇ တပ်ရင်းအနီးတဝိုက်ဖြစ်တဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများသလို မြစ်ကြီးနားမြို့ စစ်လေတပ်ဌာနချုပ်ဒရုန်းတိုက်ခိုက်ခံရမှုမှာလည်း ရဟတ်ယာဉ် နှစ်စင်းထိခိုက်ပျက်စီးခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့မှာ ဗန်းမော်ထိုးစစ် နဲ့ မြစ်ကြီးနား လေတပ်ဌာနချုပ် တစ်ပြိုင်နက်တိုက်ခိုက်ခံရတာကြောင့် တန်ပြန်တဲ့ အနေနဲ့ အသေခံဒရုန်း၊ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်လာတာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ဆက်ပြောပါတယ်။
“တစ်ချက်က ဗန်းမော်ဘက်ကို တိုက်ပွဲပြင်းထန်လာလို့ လာပစ်တယ်။ မြစ်ကြီးနားလေတပ် တိုက်ခိုက်ခံရတာမှန်ကန်ပါက KIA တပ်ရင်း ၁၁ နေရာကို ပစ်ခတ်နိုင်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ ၁၂ နာရီခွဲဝန်းကျင်လောက်မှာလည်း စစ်တပ်ဘက်ကနေ လက်တုံ့ပြန်တဲ့အနေနဲ့ KIO လိုင်ဇာဌာနချုပ်နေရာထဲမှာ စစ်တပ်ဘက်က ပစ်လိုက်တဲ့ အသေခံဒရုန်း ၂ လုံးခန့် ကျမှန် ပေါက်ကွဲခဲ့ပြီး Woi Chyai က လူနေအိမ်တစ်ချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ KIO လိုင်ဇာဒေသခံတွေဆီကနေ သိရပါတယ်။
“အသေခံဒရုန်းလို့ပြောလို့ရမှာပေါ့ ၃ လုံးလောက်ကျတယ်။ တစ်လုံးက တရုတ်ဘက်ခြမ်းကျမှန်တယ်။ ၂ လုံးက Woi Chyai ထဲမှာကျတာ။ နေအိမ်တွေလည်း သုံး၊ လေး လုံးလောက်ထိသွားတယ်” လို့ လိုင်ဇာဒေသခံတစ်ဦး KNG ကိုပြောပါတယ်။
စစ်တပ်ရဲ့ အသေခံဒရုန်းကြောင့် လိုင်ဇာမြို့အနီးက နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးသွားပေမယ့် လူထိခိုက်မှုရှိ၊မရှိ အတည်မပြုနိုင်သေးပါဘူး။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ ဗန်းမော်မြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့တာ တစ်နှစ်ပြည့် ပြီ ဖြစ်ပါတယ်။
KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက “ဗန်းမော်တိုက်ပွဲက ဒီကနေ့ မနက်ပိုင်း ၅ နာရီခွဲလောက်ကနေ ထိုးစစ်ပြန်စတယ်။ အခု ညနေပိုင်းအထိ တိုက်ပွဲတွေဆက်ဖြစ်နေသေးတယ်။ ဗန်းမော်မှာရှိတဲ့ စစ်တပ်စခန်း အားလုံးကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့တယ်” လို့ ပြောပါတယ်။
လတ်တလော ကချင်ပြည်နယ်ရှိ တနိုင်းရွှေမှော်ဒေသကိုလည်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



