လျှပ်စစ်မီးပြတ်တောက်နေချိန် မြစ်ကြီးနားပြည်သူတွေဘယ်လိုကျော်ဖြတ်နေလဲ။
မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတာဟာ ၁၀ ရက်ကျော်ထိကြာမြင့်လာပြီ ဖြစ်ပါတယ်။
မီးပြတ်နေချိန်အတွင်း ဘူးဂါးလျှပ်စစ်ရုံးက ဖုန်းများအားသွင်းဖို့နဲ့ Power Bank များ အားဖြည့်သွင်းနိုင်ရန်ဆိုပြီး ဧပြီလ ၁၈ ရက်နေ့ကနေ ပြုပြင်ပြီးသည်အထိ ဘူးဂါးရုံး၊ မြေမြင့်အရေးပေါ်ဌာန(မြစ်ဆုံဟိုတည်ဘေး)၊ ကဝါးခ အရေးပေါ်ဌာန၊ရှဒေါင်အရေးပေါ်ဌာန၊(စီတာပူရပ်ကွက်)စီတာပူဘူးဂါးလျှပ်စစ်ရုံး၊ (မန်ခိန်ရပ်ကွက်)မန်ခိန်ခွဲရုံ၊ (ဝိုင်းမော်မြို့)ဝိုင်းမော်ဘူးဂါးလျှပ်စစ်ရုံးမှာ လျှပ်စစ်ဝန်ဆောင်မှု ရယူနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ တစ်ချို့ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကနေလည်း လျှပ်စစ်ပစ္စည်းတွေကို အားသွင်းဖို့ ကူညီပေးတာတွေ၊ မီးစက်ပိုင်ဆိုင်သူတွေက အခမဲ့ငှားရမ်းပြီး ကူညီပေးတာတွေလည်း ရှိနေပါတယ်။
ခုလို ဖုန်း၊ဆိုင်ကယ်အားသွင်းဖို့ ကူညီပေးကြပေမယ့် လူဦးရေထူထပ်တဲ့အတွက် လောက်ငှမှုမရှိသလို အလုပ်သွားအလုပ်ပြန် ပြည်သူများ၊ ဈေးသည်များအစရှိတဲ့ပြည်သူတွေအနနဲ့ ဒီကာလမှာ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေရသလဲဆိုတာနဲ့ ပက်သက်ပြီး မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ ပြည်သူတွေကို KNG က ဆက်သွယ်မေးမြန်းထားပါတယ်။
မြစ်ကြီးနားမြို့ခံ အင်္ဂလိပ်စာ ဆရာမတစ်ဦး
“ရေလည်း ခက်ခဲလာတယ်။ ပိုပြီးတော့မှတော့ သွားလာရခက်ခဲလာတာပေါ့။ အရင်တုန်းကတော့ ဆီအရမ်းဈေးကြီးလို့ ဘက်ထရီဆိုင်ကယ်တွေ အဆင်ပြေလို့ ဝယ်ပါတယ်ဆိုနေမှ အခုက ပြန်အဆင်မပြေဖြစ်တော့။ ဆီက ဈေးပြန်ကြီး ဘက်ထရီဆိုင်ကယ်လည်း ပြန်မရတော့ ကျွန်မတို့ဆိုရင် ဘုရားကျောင်းတွေမှာ လိုက်သွင်း၊ ရုံးတွေမှာ ခနတစ်ဖြုတ်လိုက်သွင်းနေတာပေါ့။ ပြီးတော့ တချို့ကတော့ ၄နာရီသွင်းရင် ၅ထောင်ဆိုပြီး မီးစက်မောင်းပေးတဲ့ သူတွေလည်း ရှိတယ်။ အရမ်းခက်တယ်။ ရေကတင်ရမှာ ဆိုပေမယ့် မီးက ပြန်မလာတော့”
ကျမ်းစာကျောင်းတက်နေတဲ့ မြစ်ကြီးနားက လူငယ်တစ်ဦး
“အခုပိုပြီးတော့ ခက်ခဲသွားတာက ကျောင်းသားတွေ ဟုတ်တယ်။ ကျောင်းသားတွေအတွက်က စာဖတ်တာက ဖယောင်းတိုင်နဲ့ ဖတ်လို့ရတယ်။ ဒါပေမယ့်လည်း စာတွေရေးရတဲ့အခါတွေမှာတော့ လက်တော့တွေ ကွန်ပြူတာတွေ လိုအပ်တယ်လေ။ ခုလို ကွန်ပြူတာတွေ အားမသွင်းနိုင်တော့ အဆင်မပြေ ဖြစ်တာပေါ့။ ပိုပြီးမှတော့ ကျောင်းသားတွေအတွက် အခက်အခဲပိုများသွားတာပေါ့။ ပြီးတော့ တချို့ မိတ္တူဆွဲရမယ့်စာတွေ ဘာသာရပ်တွေဆိုရင်လည်း မီးမရှိတော့ အဆင်မပြေ ဖြစ်တာပေါ့”

မြစ်ကြီးနားမြို့ခံ အိမ်ထောင်ရှင်မတစ်ဦး
“မီးမလာတော့ ရေမရဘူး။ ရေလည်းမရ ဖုန်းတွေလည်းအားမသွင်းနိုင်။ ဘာတစ်မှ အားမသွင်းနိုင်တော့ဘူး။ ဘက်ထရီဆိုင်ကယ်တွေလည်း အားမသွင်းနိုင်။ မီးမလာတော့ ဒီလိုတွေ ဖြစ်နေတာပေါ့။ ခုကတော့ လက်ဖက်ရည်ဆိုင်တွေမှာဘဲ အားသွားသွင်းနေရတယ်။ အခုကတော့ ရေဘုံဘိုင်သုံးနေရတာပေါ့။ သူများကတော့ မီးစက်တွေနဲ့ ရေတင်နေကြတယ်လို့ တော့ ကြားမိတယ်”
လယ်ကုန်းရပ်ကွက်က အမျိုးသား လူငယ်တစ်ဦး
“ဒီနှစ်ပတ်အတွင်း ကျွန်တော် မြင်တွေ့ရသလောက်ဆိုရင် ဘုရားကျောင်းတွေမှာ အားသွင်းလို့ ရတာပေါ့ လျှပ်စစ်ပစ္စည်းတွေနဲ့ ဘက်ထရီဆိုင်ကယ်က အစပေါ့။ ရပ်ကွက်တွေမှာ ဆိုရင်လည်း ရပ်ကွက်နေ ပြည်သူတွေအတွက် Sunday School တနင်္ဂနွေ ဥပုဒ်ကျောင်းလို နေရာမျိုးမှာ ရေတင်ပေးပြီး အဲဒီကရေတွေ သယ်ကြတာပေါ့။ တချို့ ဆိုလာတပ်ထားတဲ့သူတွေကတော့ ဘက်ထရီဆိုင်ကယ်နဲ့ ဖုန်းအားတွေ အခမဲ့သွင်းပေးတာမျိုးတွေလည်း ရှိတယ်။ တချို့ ကြပြန်တော့လည်း ဆိုင်ကယ်တစ်စီးဆိုရင် ဘယ်လောက်ဆိုပြီး ပေးရတာတွေ ရှိတယ်”
မြစ်ကြီးနားမြို့ခံ အမျိုးသမီး
“မီးပျက်ပြီ ဆိုတာနဲ့ ကျွန်မတို့က မီးစက်ဝယ်လိုက်ပြီ။ အခုမီးစက်က အိမ်နီးနားချင်းတွေ လိုအပ်ရင်လည်း ကူညီပေး၊ အိမ်မှာတော့ ၂ရက်ခြားတစ်ကြိမ် သုံးတယ်။ ၂၃သိန်းတန်း အသေးဘဲ ဝယ်လိုက်တယ်။ ရပ်ကွက်တစ်ခုလုံးလည်း မီးစက်တွေနဲ့ ဖြစ်ကုန်ပြီ”
By – Hope




