ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် နဲ့ ကချင်ဒေသ သတင်းမီဒီယာကဏ္ဍ
ဆွေးနွေးမှုစကားဝိုင်း
မေလ ၃ ရက်နေ့ဟာ World Press Freedom Day သတင်းမီဒီယာ လွတ်လပ်ခွင့် ရဲ့ အရေးပါမှုကို သတိပေးတဲ့နေ့ ဖြစ်ပါတယ်။ ဒီလိုနေ့မှာ ကချင်ပြည်နယ်က သတင်းတွေကို နှစ်ပေါင်း ၂၀ ကျော်ကြာ ရေးသားတင်ဆက်နေတဲ့ Kachin News Group KNG သတင်းဌာန သတင်းထောက်တွေက လွတ်လပ်စွာရေးသားခွင့်အကြောင်း ဆွေးနွေးထားပါတယ်။
ဒီအစီစဉ်မှာ KNG သတင်းဌာန အယ်ဒီတာချုပ် ဆရာဆမ်၊ လက်ထောက်အယ်ဒီတာ မဇမီ နဲ့ သတင်းထောက် မဂျာဘောက်ရာတို့က ပါဝင်ဆွေးနွေးထားပါတယ်။
မေး။ ။ ပထမဆုံး အနေနဲ့ အယ်ဒီတာချုပ်ကို မေးမြန်းချင်တာကတော့ World Press Freedom Day ရဲ့ အဓိပ္ပာယ်ကို လိုတိုရှင်း အရင် ရှင်းပြပေးလို့ရမလားဗျ။
ဖြေ။ ။ နှစ်တိုင်း ကမ္ဘာ့နေရာအနှံ့မှာ World Press Freedom Day ဆိုပြီး ကျင်းပကြတယ်။ Press ဆိုတာက စာနယ်ဇင်းနဲ့ ပတ်သက်တဲ့အရာတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်လာနိုင်အောင် နိုင်ငံတိုင်းလိုလို ကျင်းပပြုလုပ်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ အောင်ပွဲခံတဲ့ ပျော်ပွဲ မဟုတ်ဘဲနဲ့ World Press Freedom Day ရောက်တဲ့အခါတွေမှာ ကိုယ့်ဒေသမှာ သတင်းလွတ်လပ်စွာ ထုတ်လုပ်လာနိုင်အောင် အဖွဲ့အစည်းတွေအနေနဲ့ ဘယ်အရာတွေမှာပိုပြီး တာဝန်ရှိတယ်ဆိုတာကို အမှတ်ရ စေတာမျိုး ဖြစ်ပါတယ်။ ဥပမာ အစိုးရတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို မီဒီယာလုပ်နေတဲ့ သူတွေက ဘာတွေ အခက်အခဲ ရှိနေသလဲဆိုတာကို ပြောပြတာမျိုး ဖြစ်ပါတယ်။
အစိုးရအနေနဲ့ မီဒီယာကို ဘယ်လောက်ထိ ဖိနှိပ်တာမျိုး ရှိသလဲ။ ဒါမှမဟုတ် သတင်းလုပ်တဲ့အချိန် လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့ ခွင့်ပြုပေးထားသလား။ ဒါမှမဟုတ် အရပ်ဘက်အဖွဲ့အစည်တွေနဲ့ မီဒီယာတွေ အတူတကွ ပူးပေါင်းပြီး လုပ်ဆောင်တာမျိုးတွေ ရှိသလား ဆိုတာမျိုးတွေပေါ့။ အဲဒါတွေကို ပိုပြီး အသိပေးစေတာမျိုး ဖြစ်ပါတယ်။
မေး။ ။ သတင်းပိုင်းကို ပိုပြီးတည်းဖြတ်ပေးနေတဲ့ လက်ထောက် အယ်ဒီတာကို မေးချင်တာကတော့ လက်ရှိသတင်းတွေကို ထုတ်လုပ်ရေးသားရတဲ့အခါ လွတ်လပ်စွာနဲ့ ထုတ်လုပ်ရေးသားနိုင်နေသလား။ ဘယ်လိုအခြေအနေမျိုးတွေရှိနေလဲ ဆိုတာနဲ့ ပက်သက်ပြီး ပြောပြပေးပါ။
ဖြေ။ ။အာဏာ မသိမ်းခင်က သတင်းလွတ်လပ်မှုတွေ ရှိခဲ့ပေမယ့်လည်း အာဏာသိမ်းပြီးနောက်မှာတော့ အကြောင်းအမျိုး မျိုးကြောင့် လုံခြုံရေး စိုးရိမ်လာရတယ်။ သတင်းပေးတဲ့သူတွေလည်း ခုနောက်ပိုင်းဆိုရင် ပိုပြီးတော့မှ စိုးရိမ်လာကြတယ်။ စစ်ရေး အခြေအနေကြောင့်လည်း ကျွန်မတို့အနေနဲ့ လွတ်လပ်စွာ သတင်းထုတ်လုပ်နိုင်ဖို့ အရမ်းခက်ခဲ သွားတယ်။ သတင်းပေးတဲ့သူတွေအတွက်လည်း ဖိအားရှိသလို ကျွန်မ တို့အတွက်လည်း ဖိအားတွေရှိတယ်။ သက်ဆိုင်ရာ အာဏာရှိတဲ့သူတွေကလည်း ဖိအားပေးတာမျိုးတွေ ရှိတယ်။ ဒါကြောင့် သတင်း ထုတ်လုပ်ရေးသားတဲ့အခါတွေမှာ လွတ်လပ်စွာ လုပ်ဆောင်နိုင်မှုက လျှော့နည်းလာတယ်လို့ ပြောပြချင်ပါတယ်။
မေး။ ။ သတင်းထောက် ဂျာဘောက်ရာကို ပြန်မေးချင်တာကတော့ ကချင်ပြည်နယ်သာမက ရှမ်းပြည်နယ်တစ်ဝိုက်က သတင်းတွေကို လွတ်လပ်စွာ မေးမြန်းပြီး ထုတ်လုပ်နိုင်တာတွေ ရှိခဲ့သလဲ။
ဖြေ။ ။ ကျွန်မတို့ အနေနဲ့ကတော့ လွတ်လပ်မှု မရှိတဲ့ကြားက သတင်းတွေကို ထုတ်လုပ်နေရတဲ့ အခြေအနေမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ကျွန်မတို့ကို သတင်းပေးတဲ့သူတွေရဲ့ လုံခြုံရေးကိုလည်း အရမ်းစိုးရိမ်ရတယ်။ ပြီးခဲ့တဲ့ ကာလတွေတွေတုန်းကတော့ သတင်းပေးတဲ့သူတွေရဲ့ လုံခြံရေးကိုသိပ်ပြီး မစိုးရိမ်ရပေမယ့် ဒီနောက်ပိုင်းမှာတော့ သတင်းပေးတဲ့ သူတွေရဲ့ လုံခြုံရေးကို ထည့်သွင်းစဉ်းစားရတယ်။ ပြီးတော့ ကိုယ့်ရဲ့ သတင်းပေးတဲ့သူက ဘယ်သူလဲဆိုတာကို လုံးဝ ဖော်ပြလို့ မရဘူး။ သတင်းပေးတဲ့သူတွေအနေနဲ့လည်း လွတ်လပ်စွာ မထုတ်ပြောရဲကြတော့ဘူး။ အရမ်းဒုက္ခရောက်လို လာပြောပြရင်တောင် အဲဒီဒေသက အုပ်ချုပ်သူတွေရဲ့ ခြိမ်းခြောက် ဖိအားပေးမှုတွေကြောင့် အရမ်းဒုက္ခရောက်ရင်တောင် လုံးဝမပြောကြတော့ဘူး။
အဲလိုအချိန်မျိုးမှာ ကျွန်မတို့ သတင်းထောက်တွေအနေနဲ့ သတင်းနဲ့ပတ်သက်တာတွေ လုံခြုံရေး စိုးရိမ်ဖို့ မလိုကြောင်း ရှင်းပြခဲ့ရတယ်။ ရှမ်းမြောက်ဘက်ဆိုရင်လည်း လက်နက်ကိုင်အဖွဲ့အစည်းများတဲ့အတွက် သတင်းဘယ်သူ ပေးသလဲ ဆိုတာတွေကို သိသွားမှာ အရမ်းစိုးရိမ်ကြတယ်။ သတင်းရုပ်သံတွေ လွှင့်တဲ့အခါမှာလည်း မူရင်းအသံကို မမှတ်မိနိုင်အောင် ပြောင်းလိုက်ရတယ်။ အသံတွေ ပြောင်းလိုက်တဲ့အခါ မျိုးမှာတော့ အသံက ရယ်စရာလိုမျိုး ဖြစ်သွားတာတွေလည်း ရှိတယ်။ ပြီးတော့ သတင်းရဲ့ အနှစ်သာရကိုလည်း ပျက်သွားစေသလိုမျိုး ဖြစ်သွားတယ်။ ဒါပေမယ့်လည်း သတင်းပေးတဲ့သူတွေရဲ့ လုံခြံရေးကို အဓိက စဉ်းစားပေးရတာဖြစ်တယ်။
မေး။ ။ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ကျနော့်အတွေ့အကြုံတခုနဲ့ ဆက်စပ်ပြီး မေးမြန်းချင်ပါတယ်။ ကျနော်တို့ ကချင်ဒေသမှာ သဘာတယံဇာတကို အများကြီး တူးဖော်နေကြတယ်။ တူးဖော်နေတဲ့ နေရာကို ကျနော်တို့ သတင်းဌာနတွေက သတင်းရေးသားကြတယ်။ သို့သော် ဒေသခံတွေက “ခင်ဗျားတို့ လေယာဥ် ဗုံးကြဲဖို့ ခေါ်ပေးနေကြ” လို့ ဆိုပြီး ပြန်မေးခွန်း ထုတ်ခံရတယ်။ စစ်ရှောင်တွေ ဆိုရင်လည်း သူတို့ရဲ့ လုံခြုံရေးအတွက် တောထဲပုန်းခိုနေကြရတယ်။ ယခုအခါ ရာသီဥတုကြောင့် လေပြင်းမုန်တိုင်း ပြင်းထန်တာကြောင့် မုန်တိုင်းဘေးသတင်းကိုရေးဖို့ သတင်းမေးမြန်သော်လည်း ရေးခွင့် မပေးကြ ပြန်ဘူး လေကြောင်းတိုက်ခိုက်မှု ရန်ကို စိုးရိမ်နေတဲ့အတွက် မရေးပေးဖို့ ပြောကြတယ်။ အဲ့ဒီနေရာတွေကို စစ်တပ်က မသိနိုင်ဘူးလား ၊ ကျနော်တို့ မပြောရင်လဲ သူတို့က အားလုံးသိတယ်။ သို့သော် သတင်းမီဒီယာတွေ ရေးလိုက်ရင် လေကြောင်းရန် ဖိတ်ခေါ်ပေးသလို ပြောနေကြတာတွေ ကြုံနေရတယ် ဒီလိုဖြစ်နေတဲ့ အပေါ်မှာ ကချင်ပြည်နယ်အတွင်း သတင်းမီဒီယာတွေအနေနဲ့ သတင်းတင်ဆက်မှုအပေါ်မှာ ဘယ်လိုဖြစ်သင့်သလဲ ဘယ်လို လွတ်လပ်စွာ ထုတ်ဖော်သင့်လဲ ဆရာဆမ် ဆွေးနွေးပေးပါ။
ဖြေ။ ။ ပထမဆုံးအနေနဲ့ သတင်းမီဒီယာတွေရဲ့ mandate ပေါ့နော် လုပ်ရမယ့် လုပ်ငန်းတွေကတော့ inform-educate အခုချိန်မှာတော့ အများပြည်သူ သိသင့်တဲ့ ၊ အစိုးရတွေသိသင့်တဲ့ သတင်းပေးရပြီးတော့ ဘယ်နေရာမှာ ဘာဖြစ်တယ်။ နောက်တခုက ပညာပေးတဲ့ ကကဏ္ဍပေါ့ ၊ ဘယ်အချိန်မှာ ဘယ်လိုနေသင့်တယ်။ breaking news သတ်ဖြတ်တဲ့ သတင်းတွေဘဲ တင်တာမျိုးမဟုတ်ဘဲ ၊ ပညာရစေမည့် အကြောင်းတွေ ၊ အတွေးအမြင်တွေကို ပေးတယ်၊ ကျနော်တို့ ဒေသမှာ ဖြစ်နေတဲ့ နိုင်ငံရေးက တိုက်ပွဲကာလဖြစ်တဲ့အတွက် ကျနော်တို့ သတင်းမီဒီယာတွေက ပြည်သူတွေ သိရှိနိုင်ပို့ အစွမ်းကုန်ကြိုးစားပြီး လုပ်ဆောင်ကြတယ်။
တဖက်မှာလဲ ကျနော်တို့ လူမှုပတ်ဝန်းကျင် ဒေသတွင်းမှာ ဖြစ်နေတာတွေကို ပြန်ပြီး ဆန်းစစ်ကြည့်မယ်ဆိုရင် လုပ်သင့် လုပ်ထိုက် တာတွေကို မလုပ်ဆောင်နိုင်သေးဘူး။ ဥပမာပြောရမယ်ဆိုရင် အပင်တစ်ပင်ရှိတယ် အမြစ်ရှိတယ်၊ ပင်စည်ရှိတယ်၊ အရွက်တွေရှိတယ်။ အကိုင်းအခက်တွေရှိတယ်။ အဖူးအပွင့်တွေ လောက်ကိုဘဲ ကျနော်တို့ သတင်းဌာနတွေက ရေးနိုင်ကြတယ်။ နောက်ဆက်တွဲ အပင်တစ်ပင်မှာ ပင်စည်မှာ ဘာတွေဖြစ်မယ်၊ မြေကြီးထဲမှာ အမြစ်တွေထဲမှာ ဘာတွေဖြစ်နေလဲ ဒါတွေကို ဆန်းစစ်လေ့လာဖို့ ကျနော်တို့ သတင်းမီဒီယာတွေမှာ တာဝန်ရှိတယ်။
မေး။ ။ ဒါဆိုရင် မဂျာဘောက်ရာကိုပြန်မေးချင်ပါတယ်။ အယ်ဒီတာအနေနဲ့ သစ်ပင်တစ်ပင်နဲ့ ဥပမာပေးပြီး ကျနော်တို့ သတင်းဌာနတွေကသတင်းဖော်ပြနေတာက အသီးနဲ့ အပွင့်ကိုသာ ဖော်ပြနိုင်တယ် လို့ပြောတယ်။ ဒါဆိုရင် တကယ်ဘဲ ပင်စည် အမြစ် အထဲအထိ ဖော်ပြနိုင်ဖို့အတွက် ကျနော်တို့ သတင်းထောက်တွေဆီမှာ ဘယ်လိုအခက်ခဲတွေရှိနေလဲ။
ဖြေ။ ။ ကျမတို့က ဘယ်လောက်ဘဲ ခက်ခဲတဲ့ကြားထဲမှာ ဖြစ်ဖြစ် သတင်းတွေကို ရတဲ့နည်းနဲ့ ကြိုးစားတင်ပြနေပါတယ် ပေါ့နော်။ ဥပမာ တစ်ခုပြောရမယ်ဆိုရင် သတင်းတစ်ခုရဖို့ ဆိုရင် ကျမ အမြဲတမ်း ဆက်သွယ်နေတဲ့ သတင်းပေးက မိုးမိတ်ဖက်က ဒေသခံ တစ်ယောက်ပေါ့နော်။ သူက လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့ နယ်မြေထဲမှာ ရှိနေတယ်။ ဒေသတွင်းမှာ ရှိတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို အမြဲတမ်း သတင်းတွေပေးပို့ပေးတယ်။ သူ့ရဲ့ လုံခြုံရေးလဲစိုးရိမ်ရတဲ့ အနေအထားလဲပေမဲ့ သတင်းလဲပေးပို့တယ်။ အဲ့တုန်းက KNG မှာ သတင်းတစ်ပုဒ်တက်လာတယ်။ အဲ့ချိန်မှာ အဲ့ဒီရွာက လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုက သူ့ကို ခေါ်ယူစစ်ဆေးတာတွေရှိတယ်။ အဲ့နောက်ပိုင်းကနေ အဆက်အသွယ်မရတော့ဘူး။ ဆိုတော့ ဒေသတွင်း အဖြစ်အပျက်တွေ၊ အစိုးရရဲ့လိုအပ်ချက်တွေကို ထောက်ပြဖို့ ဆိုရင် ကြောက်နေရတယ်။ စိုးရိမ်နေရတဲ့ အခြေအနေကြုံရတယ်။ ဒါကြောင့် သူတို့က အမြဲတမ်းသတင်းတွေ ပို့နေတဲ့သူတွေကမပြောရဲတော့ဘူး။ တိတ်တဆိတ်နေတာက အကောင်းဆုံးဆိုပြီး ဆုံးဖြတ်လိုက်တဲ့အတွက် တခြား ဆက်သွယ်မေးမြန်းဖို့အတွက်အရမ်းခက်ခဲသွားတယ်။
မေး။ ။ ဆရာဆမ် ကိုပြန်ပြီး မေးချင်ပါတယ်။ တဖက်မှာတိုင်းပြည်တခုတည်ဆောက်တော့မယ်ဆိုရင် မီဒီယာတွေရဲ့ အခန်းကဏ္ဌက ဘယ်လောက်အထိအရေးပါသလဲ ဆိုတာကိုပြောပြပေးပါ။
ဖြေ။ ။ ကမ္ဘာကြီးက အများကြီးပြောင်းလဲသွားကြပြီ။ အရင်က မီဒီယာဆိုတာ သတင်းတွေကို ဖြန့်ဝေပေးဖို့ နဲ့ တဖက်မှာ medium လို့ခေါ်တဲ့ အစိုးရနဲ့ပြည်သူကြားမှာ ဆက်သွယ်ပေးတယ်။ အရင်ကတော့ သတင်းမီဒီယာတွေက သတင်းတွေကို စုံစမ်းဖော်ထုတ်ပေးတယ်။ ယခုခေတ်မှာတော့ တိုးတက်တဲ့ နိုင်ငံတွေမှာဆိုရင် သတင်းတွေကို စုံစမ်းနေစရာ မလိုတော့ဘူး။ ကိုယ်ကိုယ်တိုင် Tiktok Facebook မှာ ဖြစ်ပျက်နေတာတွေကို ရေးသားဖော်ပြနိုင်ပြီ။
ကျနော်အခုပြောနေတာက ကချင်ဒေသအတွင်းဖြစ်နေတာကိုပြောတာ မဟုတ်ဘဲ နိုင်ငံတကာမှာ ဖြစ်တဲ့အကြောင်းအရာကို ပြောတာဖြစ်တယ်။ ယခင်ကတော့ သတင်းကို ဆာငတ်တယ်။ ဒါပေမဲ့ အခုကတော့ သတင်းတွေက ပိုလျံသလို သတင်းတွေ ဖောင်းပွလွန်းလို့ ဘယ်သတင်းက မှန်တယ်ဆိုတာကို ပြန်စီစစ်နေရတယ်။ ကျနော်တို့ နေ့စဉ် မြင်နေရတဲ့ စာတွေက လူသားတွေရေးတဲ့စာ မဟုတ်တော့ဘူး AI ကို prompt ပေးပြီး AI ရေးပေးတယ်။ ပြီးရင် ဆိုရှယ်မီဒီယာမှာ တင်ပေးနေတယ်။ တကယ်တမ်းကျတော့ ကျနော်တွေ ဖတ်နေတဲ့စာတွေက လူတွေရေးနေတာ မဟုတ်တော့ဘူး၊ စက်ရုပ်တွေက ရေးတာဖြစ်တယ်။ အဲ့ဒီအပေါ်မှာ သတင်းမီဒီယာတွေက သတင်းအချက်စစ်ဆေးပေးရတဲ့ အလုပ်တခုထပ်ပိုလာတယ်။
သို့သော်ကျနော်တို့ ဒေသမှာကြည့်မယ်ဆိုရင် သူများထက် အများကြီးနောက်ကျနေတယ်။ သတင်းတွေကို ပြည့်ပြည့်စုံံစုံရဖို့ ကြိုးစားနေရတယ်။ ကျနော်တို့ မြစ်ကြီးနားနဲ့ နယ်စပ်ဒေသတွေမှာ အင်တာနက်လိုင်းတွေကနေ တဆင့် content တွေကို ကြည့်ရတယ် Social media ဆိုတဲ့အထဲမှာ ဖျော်ဖြေရေးက ပိုများတယ်။ ကျနော်တို့တကယ်လိုနေတာ တကယ်ရောရဲ့လား ခုန အရှေ့မှာလဲ ပြောခဲ့သလို အစိုးရတွေကို ပိုပြီးတာဝန်ယူပေးအောင် သက်ဆိုင်ရာက တာဝန်ယူဆောင်ရွက်ပေးနိုင်အောင် ပိုပြီးထောက်ပြတဲ့ လုပ်ငန်းတွေကို လုပ်တယ်။
KNG သတင်းဌာနအနေနဲ့ ဆက်ပြီးလုပ်ရမဲ့ အကြောင်းအရာတွေကတော့ အစိုးရကို စောင့်ကြည့်သွားဖို့ဖြစ်တယ်။ အစိုးရတွေက သူတို့ရဲ့ အလုပ်ကို ပြည့်စုံလုပ်နိုင်ဖို့ ဥပမာ ပြည်သူနဲ့ အဆက်အသွယ်ချိတ်ဆက်လုပ်တာမျိုး လူထုကို စစ်အုပ်ချုပ်ရေးနဲ့ မဟုတ်ဘဲ အရပ်သားအစိုးရက ညှိနှိုင်းပေးတာမျိုး၊ ကိုယ့်ကိုကျိုးအတွက် မိသားစုအကျိုးအတွက် မဟုတ်ဘဲ ပြည်သူအတွက် အလုပ်လုပ်ပြီဆိုရင် ပြည်သူ့ပစ္စည်းကို ကိုယ့်ပစ္စည်းလို မလုပ်ဖို့ ၊ အများပြည်သူအတွက် အလုပ်လုပ်နေတဲ့သူတွေကို စောင့်ကြည့်ရမယ်၊ ထောက်ပြရမယ်။ အစိုးရ အလုပ်လုပ်တဲ့ သူတွေကို ပြည်သူလူထု ယုံကြည်ရတဲ့ အစိုးရဖြစ်ဖို့ သတင်းမီဒီယာတွေက ဖော်ပြပေးရတာဖြစ်တယ်။
မေး။ ။ ခုနက ဆရာဆမ် ပြောသွားတဲ့ဟာအပေါ်မူတည်ပြီး တစ်ခုထပ်ပြီးမေးချင်တာကတော့ အခု AI (Artificial Intelligence) တွေ ပေါ်လာတာနဲ့အမျှ ပုံနဲ့ သတင်းအမှားတွေ များလာတဲ့အချိန် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ဘယ်ဟာက သတင်းမှား အမှန်ဆိုတာကို ခွဲခြားပြီး သိရှိနိုင်သလဲဆိုတာကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ လက်ရှိအချိန်မှာတော့ ခွဲခြားဖို့အတွက် အရမ်းခက်ခဲသွားပြီ။ ဒီကနေ့မှာတော့ အွန်လှိုင်းပေါ်မှာ ထွက်ပေါ်နေတဲ့ အရာတွေကို အမှားအမှန် ခွဲခြားနိုင်ဖို့ အရမ်းခက်ခဲသွားပြီ။ လူဆိုရင် လူနဲ့တူအောင် အသံဆိုရင်လည်း တူအောင် ပုံတွေ ဗီဒီယိုတွေ ပြုလုပ်နိုင်တယ်။ အဲဒါတွေ ပြုလုပ်နိုင်ဖို့ ဆိုရင်လည်း လေ့လာရမှာတွေတော့ အရမ်းများတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်ဦး တစ်ယောက်ချင်းစီက အဲလို လေ့လာနိုင်ဖို့အတွက် အရမ်းခက်ခဲသွားပြီ။ ဒါကြောင့် ကျွန်တော်ကနေပြီးတော့ အကြံပေးချင်တာ တစ်ခုဘဲ ရှိပါတယ်။ ဒီပို့စ်က ဘယ်ကလာသလဲဆိုတာ စုံစမ်းရမယ်။ ပုံတွေ အများစုကတော့ လိုဂိုတွေပါတယ်။ ဒါအပြင် အွန်လိုင်းမှာရှိနေတဲ့ အကြောင်းအရာတွေ အကုန်လုံးက တာဝန်ယူတဲ့လူ အဖွဲ့အစည်းတွေရှိရမယ်။ ဥပမာ ကျွန်တော်က ထုတ်ကုန်တစ်ခုခုကို လုပ်တယ်ဆိုရင် တာဝန်ယူဖို့အတွက် လိုဂိုတွေ နာမည်တွေ တပ်ထားရတာ ဖြစ်တယ်။ အဲဒီလိုမျိုးဘဲ ကျွန်တော်တို့ သတင်းတွေကိုလဲ KNG က ရေးသားတာဆိုရင်လည်း ပုံတွေမှာ လိုဂိုတွေ တပ်တယ်။ အဲလိုမျိုးဘဲ ဖေ့စဘုတ်တွေမှာ ဆိုရင်လည်း KNG ပေ့စ်မှာ ဝင်ကြည့်လို့ရသလို ယူကျူ့မှာဆိုရင်လည်း KNG ရဲ့ အကောင့်မှာ ကြည့်လို့ရတယ်။ ဒါကြောင့် ယုံကြည်လို့ရတဲ့ သတင်းဌာနတွေရဲ့ ပေ့စ်တွေမှာဘဲ ဝင်ကြည့်သင့်တယ်လို့ဘဲ အကြံပြုချင်တယ်။ နယူ့ဖစ်မှာ ပေါ်မှာတဲ့ အရာတိုင်းက မှန်နေတာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။
မေး။ ။ ဒီနှစ် ၂၀၂၆ World Press Freedom Day ခေါင်းစဉ်က Shaping a Future at Peace သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နဲ့ ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝိုင်းတည်ဆောက်ရေးတို့ ဆက်နွယ်နေတာကို ဖော်ပြတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ သတင်းထောက် ဂျာဘောက်ရာအနေနဲ့ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြီး ပြောချင်တာများရှိရင် ပြောပေးပါအုံး
ဖြေ။ ။ World Press Freedom Day ဆိုတဲ့အတိုင်း Freedom ဖြစ်ရမယ်ဆိုပေမယ့်လည်း ကျွန်မတို့ ဒေသမှာတော့ လုံးဝကို ဖုန်းလိုင်း အင်တာနက်လိုင်း ပိတ်ခံထားရတဲ့ နေရာဒေသတွေ ဖြစ်ပါတယ်။ ခုကတော့ Starlink အင်တာနက်တွေကြောင့် သတင်းတွေ ထုတ်လုပ်နိုင်နေပြီး ပြည်သူတွေရဲ့ အသံကို ထုတ်ဖော်နိုင်နေတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ ကာလတွေလိုမျိုး မြေပြင်ကို ကို သွားလို့မရတော့ဘူး။ လူကိုယ်တိုင်တွေ့ပြီး အင်တာဗျူး လုပ်လို့မရတော့ဘူး။ ရုပ်သံတွေဆိုရင်လည်း လုပ်လို့မရတော့ဘူး။ ဖုန်းနဲ့ပဲ ချိတ်ဆက်တယ်။ အင်တာနက်နဲ့ဘဲ ဆက်သွယ်တယ်။ ဒါတောင်မှာ အခုက အင်တာနက် ခက်ခဲတဲ့ ဒေသတွေ အရမ်းများသွားတယ်။ အင်တာနက် ခက်ခဲတဲ့အတွက် သတင်းတွေကို မြန်မြန်ဆန်ဆန် ရရှိဖို့ ခက်ခဲလာတယ်။
မေး။ ။ လက်ထောက် အယ်ဒီတာ မဇမီ World Press Freedom Day နဲ့ပတ်သက်ပြီး သတင်းပေးတဲ့သူတွေ သတင်းလုပ်တဲ့ သူတွေကို ဘယ်လို အားပေးစကား ပြောပြချင်တာ ရှိသလဲဗျ။
ဖြေ။ ။သတင်းဌာနဆိုတာက သက်ဆိုင်ရာ တာဝန်ရှိအစိုးရတွေနဲ့ ပြည်သူလူထုတွေကြား ပေါင်းကူးတံတား လုပ်ပေးတဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် သတင်းပေးမယ့် ပြည်သူတွေအနေနဲ့လည်း ရဲရဲပေးရအောင်။ ကျွန်မတို့ ခံစားနေရပြီး ကျွန်မတို့ ဒေသမှာ ဖြစ်ပျက်နေတဲ့အရာတွေကို မပြောပြနိုင်ရင်တော့ လက်ရှိအချိန်မှာရော နောင်ကာလတွေမှာပါ အမှောင်ကျတဲ့ဘဝကို ရောက်သွားပါလိမ့်မယ်။ ကျွန်မတို့ သတင်းဌာနတွေကို ကြောက်စရာမလိုဘူး။ ကျွန်မတို့က ပြည်သူတွေအတွက် အဓိကလုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် သတင်းတွေကို ရဲရဲပေးရအောင်။ ကျွန်မတို့က ပြည်သူလူထုနဲ့ အစိုးရကြား ပေါင်းကားတံတား လို လုပ်ဆောင်ပေးနေတာဘဲ ဟုတ်တယ်ဆိုတာကို ထပ်ပြောပြချင်ပါတယ်။
မေး။ ။ World Press Freedom Day နဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးအနေနဲ့ KNG အယ်ဒီတာချုပ်ကနေပြီးတော့ ဘာပြောပြချင်တာ ရှိသေးလဲဗျ။
ဖြေ။ ။ လက်ရှိအချိန်မှာက တချို့ဒေသက သူတွေအတွက် သတင်းဖော်ပြရတာမလုံခြုံစေသလို ခံစားနေတာမျိုးတွေလည်း ရှိနေနိုင်ပါတယ်။ ဘာသတင်းမှ မထွက်တာက ပိုပြီး လုံခြုံစေမယ်လို့ ထင်တဲ့လူတွေလည်း ရှိသလို တချို့နေရာဒေသတွေမှာက မြေယာတွေနဲ့ ပက်သက်တဲ့ဟာတွေ အုပ်ချုပ်ရေး ပက်သက်တဲ့ဟာတွေဆိုရင်လည်း ကျွန်တော်တို့ဘက်ကကြည့်ရင် လျစ်လျူရှု့ထားလို မရတဲ့အရာတွေ ရှိနေတယ်။ မတရားတဲ့အရာတွေကိုလည်း စိတ်ရှည်သည်းခံပြီး လျစ်လျူရှုလိုက်ရတယ် ဆိုတာမျိုးတွေက ရှိလို့ မဖြစ်ဘူးပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့အရာတွေကို ဘာကြောင့် ဒီလိုတွေ ဖြစ်ရသလဲဆိုတာကို ပိုပြီးတော့ထုတ်ဖော်သင့်ပါတယ်။
အဲဒီလိုထုတ်ဖော်ခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ လူအဖွဲ့အစည်းဖြစ်လာပြီး အချင်းချင်း နားလည်မှုတွေ ရှိလာသလို ဖိနှိပ်အနိုင်ကျင့်မှုတွေ မရှိတဲ့ လူအဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ မျှော်လင့်တာ ဖြစ်ပါတယ်။ ပြီးတော့ သတင်းဌာနတွေနဲ့ ပြောလို့ရသလို ဆက်သွယ်လို့လည်း ရတယ်။ လုံခြုံရေးတွေ စိုးရိမ်ရတဲ့အတွက် ဘယ်အပိုင်းက လုပ်လို့ မရဘူးဆိုတာမျိုးတွေ။ လက်ရှိအချိန်က သတိထားရမယ့် အချိန်ဆိုတာကိုလည်း နားလည်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုတော်လှန်ရေး ကာလဖြစ်ဖြစ် လုပ်ရမယ့် သတင်းတွေရှိတယ်။ ဘာလဲဆိုတော့ ပြည်သူအတွက် အကျိုးရှိစေမယ့်အရာတွေ ဖြစ်တယ်ဆိုတာကို ပြောပြချင်ပါတယ်။
KNG သတင်းခန်း၏ “World Press Freedom Hte Kachin Ginra Shiga Masa Lam” ကချင်ဘာသာဖြင့် ဆွေးနွေးမှုကို ဘာသာပြန် ကောက်နုတ်တင်ပြခြင်း ဖြစ်ပါတယ်။
By – Hope




