စစ်ရှောင်တစ်ဦး မြေမြုပ်မှိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာဘက်ကို မျှစ်သွားရှာတဲ့ စစ်ရှောင်ဇနီးမောင်နှံနှစ်ဦး မြေမြုပ်မှိုင်းနင်းမိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။
ဖြစ်စဉ်ကတော့ ဇွန်လ ၁၉ ရက် ညနေ ၅ နာရီဝန်းကျင် ဝါရှောင်ကနေ ဝိုင်းမော်မြို့ အမှတ်– ၁ ရပ်ကွက်မှာယာယီလာနေထိုင်တဲ့ စစ်ဘေးရှောင်ဇနီးမောင်နှံနှစ်ဦး မဒိန်ကျေးရွာဘက် ဝါးမျှစ်ရှာထွက်ရင်း အမျိုးသားဖြစ်သူ မြေမြုပ်မှိုင်း နင်းမိခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ခုလိုပြောပြပါတယ်။
“သွေးက မနေ့ညက တစ်လုံးတော့ သွင်းပြီးပြီ။ သူကသွေးထွက်က လွန်ထားတော့ အခြေနေဆိုးတယ်။ လင်မယားနှစ်ယောက်သွားတာ သူ့မိန်းမက မထိလို့ တော်သေးတယ်”လို့ ဆိုပါတယ်။
မြေမြုပ်မှိုင်းနင်းမိတဲ့ဒဏ်ရာကြောင့် အမျိုးသားဖြစ်သူဟာ အသက် ၄၂အရွယ် ဦးစိုင်းဆန်ဟောင်းဆိုသူဖြစ်ပြီး ညာဘက်ခြေကျင်းဝတ်ပြတ်သွားကာ လက်မောင်းမှာလည်း ပေါက်ပြဲဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဇနီးမောင်နံဟာ ဝါးရှောင်ကျေးရွာအုပ်စု၊ လွယ်ဂျော်ရွာဇာတိဖြစ်ကြပြီး မိသားစုနဲအတူ ဝိုင်းမော်မြို့အမှတ်–၁ ရပ်ကွက် သိမ်ကြီးစုက ဆွေမျိုးအိမ်မာ စစ်ဘေးရှောင်ရင်းနေထိုင်တာဖြစ်တယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း မျှစ်ဈေးကောင်းနေတဲ့အတွက် သားသမီး ၄ ယောက်အတွက် ဟင်းဖိုးလို့ဆိုကာ ဝိုင်းမော်မြို့စောင့်တပ်ဖြစ်တဲ့ ခလရ (၅၈) တပ်အနီးရှိ မဒိန်ကျေးရွာနားက ဝါးတောထဲ မျှစ်ရှာ ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိတဲ့အမျိုးသားကို မြစ်ကြီးနားဆေးရုံကြီးကို ပို့ဆောင်ထားပေမယ့် ထိခိုက်ဒဏ်ရာတွေကြောင့် သွေးထွက်လွန်ပြီး စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် အဆိုပါအမျိုးသားအတွက် AB သွေး အကူအညီလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ မြေမြုပ်မှိုင်း အန္တရာယ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေက ဝူယန်ကျေးရွာ၊ မဒိန်ကျေးရွာ၊ နောင်ဟီး၊ စန်းကားကျေးရွာအုပ်စု၊ ခတ်ချိုကျေးရွာ စတဲ့ ကျေးရွာတွေမှာ ပိုအဖြစ်များနေတဲ့အတွက် ဒေသခံတွေအနေနဲ့ သတိထားကြဖို့ လည်း လိုအပ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ရက်နေ့တုန်းကလည်း ဝူယန်ကျေးရွာမှာ အမျိုးသားတစ်ဦး မြေမြုပ်မှိုင်းနင်းမိခဲ့ပြီး ဘယ်ဘက်ခြေထောက်တစ်ခု ပြတ်ထွက်သွားခဲ့တာလည်း ဖြစ်ပါတယ်။
အလားတူ ၂၀၂၅ မေလတုန်းကလည်း ဝိုင်းမော်မြို့မှာ မြေမြုပ်မှိုင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက် ၁၀နှစ်ဝန်းကျင်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦးကတော့ ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိအချိန်မှာလည်း ဝိုင်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေပူးပေါင်းတပ်တွေအကြား စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲမကြာခနဖြစ်နေသလို နှစ်ဖက်တပ်အကြား လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြုပ်မှိုင်း ထောင်းထားမှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
By – Hope




