တရုတ်နိုင်ငံသားတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊စန်းကားကျေးရွာအနီး တရုတ်နိုင်ငံသားတစ်ဦး သေနတ်ကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဉ်ကတော့ ဇူလိုင် ၂၆ ရက် ည ၇ နာရီခွဲဝန်းကျင် စန်းကားကျေးရွာအုပ်စု၊ နီခူတီကျေးရွာက ထိန်မင်းငှက်ပျော်လုပ်ကွက်မှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတစ်ဦးသေနတ်ကျည်ထိမှန်ခဲ့တာကြောင့် လက်နဲ့ ဒူးခေါင်းမှာ ဒဏ်ရာရသွားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
“လက်နဲ့ ဒူးခေါင်းပေါ့၊ နှစ်နေရာမှန်တယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ လက်ကတော့ ကျည်ဖောက်ဝင်သွားတယ်“ လို့ ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကိုတော့ အဲဒီညမှာပဲ ဝိုင်းမော်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုက မြစ်ကြီးနားပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျည်ထိမှန်ဒဏ်ရာရသူဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရင်ကျန်းမြို့က အသက် ၄၅ နှစ်အရွယ် စိုက်ပျိုးရေးပညာရှင် မစ္စတာ ဟန်ကျိုးယို ဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်မှာ ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့တာလဲဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
စန်းကားကျေးရွာဟာ စစ်ကောင်စီတပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပြီး လက်ရှိမှာတော့ စစ်တပ်က အပြည့်အဝထိန်းချုပ်ထားတဲ့ကျေးရွာဖြစ်ပါတယ်။
ဒါကြောင့် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကနေ ဇွန်လအထိ လက်နက်ကြီးကျည်ထိမှန်တာ၊သေနတ်ကျည်ထိမှန်တာတွေကြောင့် ငှက်ပျောလုပ်သားသေဆုံးသူ ၃ ဦးထက်မနည်းရှိခဲ့တယ်လို့ ငှက်ပျော်လုပ်ကွက်မှာ လုပ်ကိုင်နေသူတွေပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း ဝူယန်ကျေးရွာမှာ မိသားစုနဲ့အတူ ထင်းခွေသွားတဲ့ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့သလို ဝူယန်၊ မဒိန်၊ ခတ်ချိုကျေးရွာအုပ်စုတွေမှာ မြေမြှုပ်မိုင်းနင်းမိတာနဲ့ လက်နက်ကြီးကျရောက်တာတွေ မကြာခဏ ဖြစ်နေတာလည်းဖြစ်ပါတယ်။
လက်ရှိ ဝိုင်းမော်မြို့နယ်မှာတော့ ကေအိုင်အေပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။
By – Hope




