ပူတာအိုမှာ ခရမ်းချဉ်သီးတစ်လုံး ကျပ် ၁,၀၀၀ အထိ ဈေးတက်

ကချင်ပြည်နယ် ပူတာအိုဒေသမှာ ကုန်စည်ဝင်ရောက်မှု အခက်အခဲတွေကြောင့် အခြေခံစားသောက်ကုန်ဈေးတွေ မြင့်တက်လာပြီး ခရမ်းချဉ်သီးတစ်လုံးကို ကျပ် ၁,၀၀၀ အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာ မိုးသည်းထန်မှုကြောင့် လမ်းပျက်စီးနေပြီး ကုန်ကားကြီးတွေ ဖြတ်သန်းသွားလာခွင့် ယာယီရပ်နားထားတာကြောင့် ပူတာအိုဒေသဘက်ကို ကုန်စည်ဝင်ရောက်မှု အခက်အခဲရှိနေပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်အတွက် အဓိကကုန်စည်ဝင်ပေါက်ဖြစ်တဲ့ မန္တလေးမြစ်ကြီးနား လမ်းပိုင်းမှာလည်း စစ်ရေးအခြေအနေတွေကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးမှာလည််းအခက်ခဲအမျိုးမျိုးရှိနေတာကြောင့ ပူတာအိုမှာ ကုန်ဈေးနှုန်းတွေ ဆက်တိုက်င့်တက်လာတာလို့ သိရပါတယ်။

လက်ကားဒိုင်ဆီက ဝယ်ရင်တောင် ခရမ်းချဉ်သီးတစ်လုံး ၁,၀၀၀ လောက်ရှိတယ်။ တဆင့်သယ်လာတဲ့သူတွေဆီက ဝယ်ရင် ဒီထက်ပိုဈေးကြီးတယ်။ ခရမ်းချဉ်သီးတစ်ပိဿာကို ကျပ် ၂၀,၀၀၀ လောက် ရှိနေပြီ။ ကြက်ဥလည်း ဈေးတက်ပြီး တစ်သောင်းဖိုးဝယ်ရင် ဆယ်လုံးတောင် မရတော့ဘူးလို့ ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

ပူတာအိုဒေသမှာ ဇူလိုင်လကုန်ပိုင်းကစပြီး ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတာလို့ သိရပါတယ်။

လက်ရှိ ခရမ်းချဉ်သီးဟာ အရင်က တစ်ပိဿာ ကျပ် ၉,၀၀၀ ကနေ ၁၀,၀၀၀ ကြားရှိရာကနေ လက်ရှိမှာ ကျပ် ၂၀,၀၀၀ အထိ မြင့်တက်လာပါတယ်။

ဒါ့အပြင် ကြက်ဥ၊ ကြက်သွန်နီနဲ့ အခြားအခြေခံစားသောက်ကုန်တွေမှာလည်း ဈေးနှုန်းမြင့်တက်နေပြီး မြစ်ကြီးနားနဲ့ မန္တလေးဘက်က တင်သွင်းတဲ့ ကြက်သား၊ ငါးတွေကိုလည်း ဈေးကြီးပေးဝယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်း ပူတာအိုမြစ်ကြီးနားလမ်းက အခြေအနေမကောင်းတော့ အသားသည်တချို့ မတင်တော့ဘူး။ တင်ထားတဲ့သူတွေဆီမှာလည်း လမ်းခရီးကြန့်ကြာလို့ အဝင်နည်းပြီး ဈေးတင်ရောင်းကြတယ်။ ကြက်သား၊ ငါးတွေ လိုသလောက် ဝယ်လို့မရတော့ဘူးလို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ ပူတာအိုမြို့ပေါ်မှာ မြန်မာပြည်အောက်ပိုင်းက တင်သွင်းလာတဲ့ ဥတုံးကြက်နဲ့ CP ကြက် တစ်ပိဿာကို ကျပ် ၆၀,၀၀၀ အထိ၊ ငါးတစ်ပိဿာကို ကျပ် ၅၀,၀၀၀ အထိ ဈေးတက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပူတာအိုဒေသအတွက် အခြေခံစားသောက်ကုန်နဲ့ လိုအပ်တဲ့ ကုန်ပစ္စည်းအများစုကို မြစ်ကြီးနားကနေ တင်သွင်းရတာဖြစ်ပါတယ်။

 ဒါပေမယ့် ဇွန်နဲ့ ဇူလိုင်လအတွင်း မိုးသည်းထန်မှုကြောင့် ကားလမ်းတွေ ပျက်စီးခဲ့ပြီး လက်ရှိမှာ လမ်းပြုပြင်နေတဲ့အတွက် ကုန်ကားကြီးတွေ ဖြတ်သန်းသွားလာခွင့် ယာယီရပ်နားထားပါတယ်။

ဒါ့အပြင် မန္တလေးမြစ်ကြီးနား လမ်းပိုင်းမှာလည်း စစ်ရေးအခြေအနေတွေကြောင့် လမ်းအသုံးပြုရာမှာ အခက်အခဲရှိနေပြီး ကားသမားတွေက ကွင်းလမ်းတွေ အသုံးပြုနေရတာ၊ တိုက်ပွဲအခြေအနေကြောင့် လမ်းပိတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုဒေသမှာ တိုက်ပွဲတွေ၊ လမ်းပိတ်ဆို့မှုတွေနဲ့ ရာသီဥတုဒဏ်ကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲတွေ မကြာခဏ ကြုံတွေ့နေရပြီး ကုန်ဈေးနှုန်းမြင့်တက်မှုတွေလည်း ဆက်တိုက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုဒေသအတွက် အခြေခံစားသောက်ကုန်နဲ့ လိုအပ်တဲ့ကုန်စည်အများစုကို မိုင် ၂၀၀ ကျော်ဝေးတဲ့ မြစ်ကြီးနားဘက်ကနေ တင်သွင်းရတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button