လမုန်ဇွပ်ဂိတ်မှာ အမျိုးသား ၅ ဦး ဖမ်းဆီးခံရ၊ စစ်ဆေးရေး ပိုတင်းကြပ်လာ

မြစ်ကြီးနားဆွမ်ပရာဘွမ်လမ်းပိုင်း လမုန်ဇွပ်စစ်တပ်ဂိတ်မှာ အမျိုးသား ၅ ဦးကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဩဂုတ်လ ၁ ရက်နေ့ မြစ်ကြီးနားမြို့နယ် လမုန်ဇွပ်စစ်တပ်ဂိတ် အထက်ဘက်ကနေ ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ အမျိုးသား ၅ ဦးကို ဖမ်းဆီးသွားတဲ့နောက် လမ်းသွားလမ်းလာပြည်သူတွေကိုလည်း စစ်ဆေးရေးပိုပြီးတင်းကြပ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ။

လမုန်ဇွပ်ဂိတ်မှာ လူ ၅ ယောက်ကို ဖမ်းထားတယ်။ ဘယ်သူတွေလဲ၊ ဘယ်ကလဲတော့ မသိဘူး။ အဲဒီလမ်းကနေ သွားလာရင်း ဖမ်းခံရတာ။ မနေ့ကနဲ့ ဒီနေ့ဆို စစ်ဆေးတာ တော်တော်တင်းကြပ်နေတယ်။ တစ်ယောက်ကိုစစ်ရင် နာရီဝက်၊ တစ်နာရီလောက်ကြာတယ်။ ဖုန်းတွေကိုလည်း အသေးစိတ် စစ်တယ်လို့ အဲဒီလမ်းကနေ သွားလာသူ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

ဩဂုတ် ၁ ရက်ကနေ ၃ ရက်အထိ လမုန်ဇွပ်ဂိတ်မှာ စစ်ဆေးမှုတွေ ပိုမိုတင်းကြပ်လာပြီး ဆိုင်ကယ်နဲ့ ကားတွေကို ဂိတ်မရောက်ခင်ကတည်းက စစ်ဆေးတာ၊ ဖုန်းတွေကို စက်နည်းပညာအသုံးပြုပြီး စစ်ဆေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အရင်ထက် ပိုစစ်လာတယ်။ ဂိတ်မရောက်ခင်ကနေ ဆိုင်ကယ်ရော ကားရော အကုန်စစ်တယ်။ အလကားနေ ဖမ်းခံရမှာစိုးရတယ်။ လူငယ်တွေ သွားလာရတာ ပိုဂရုစိုက်ရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားဆွမ်ပရာဘွမ်လမ်းပိုင်းမှာ လမုန်ဇွပ်စစ်တပ်ဂိတ်နဲ့ မြစ်ဆုံတန်ဖရဲဂိတ်တို့ဟာ စစ်ဆေးမှု တင်းကြပ်တဲ့ နေရာတွေဖြစ်ပြီး လက်ရှိမှာ စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့တွေက အလှည့်ကျ ဂိတ်တာဝန်ယူနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီလမ်းပိုင်းမှာ ပုံမှန်အားဖြင့် မှတ်ပုံတင်နဲ့ ခရီးသွားလာရတဲ့ အကြောင်းပြချက်တွေကို စစ်ဆေးပေမယ့် ဒီရက်ပိုင်းမှာတော့  လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေကို ပိုမိုစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့ကို KIA/KIO နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်ခဲ့ပြီးနောက် ထိန်းချုပ်ထားတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ 

ဆွမ်ပရာဘွမ်မြို့ဟာ မြစ်ကြီးနားပူတာအို လမ်းကြောင်းပေါ်မှာ တည်ရှိပြီး ကချင်ပြည်နယ်အတွင်း သွားလာရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခုဖြစ်သလို စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ထဲလည်းပါဝင်ပါတယ်။

ခုလို ဆွမ်ပရာဘွမ်ဒေသအတွင်း စစ်ရေးအခြေအနေတွေကြောင့် မြစ်ကြီးနားဆွမ်ပရာဘွမ် လမ်းပိုင်းမှာ စစ်ဆေးရေးတွေ တင်းကြပ်လာပြီး ခရီးသွားပြည်သူတွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးအပေါ် သက်ရောက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button