မြစ်ကြီးနားမှာ ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ခဲ့ပြီး ကျောင်းသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကတော့ ဩဂုတ်လ ၄ ရက် ထမင်းစားကျောင်းဆင်းချိန်မှာ ကျောင်းသားနှစ်ဦး ဆိုင်ကယ်အတူစီးလာစဉ် ကျွန်းပင်သာရပ်ကွက်အရောက် နောက်ကစီးလာတဲ့ ကျောင်းသားက ရှေ့ကဆိုင်ကယ်မောင်းနေတဲ့ ကျောင်းသားကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

သူတို့ သူငယ်ချင်းတွေလို့တော့ သိရတယ်။ ရိုက်နှက်ထားတာမဟုတ်ဘဲ ဓားနဲ့ထိုးထားတဲ့ပုံစံပဲ တွေ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

ဓားထိုးခံရတဲ့ ကျောင်းသားဟာ အလက()မှာ Grade 8 တက်ရောက်နေသူဖြစ်ပြီး လက်ဖျံမှာ သုံးချက်၊ ခေါင်းနဲ့ ပါးမှာ တစ်ချက်စီ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ဆိုပါတယ်။

ဓားထိုးခဲ့တဲ့ ကျောင်းသားကတော့ ဇီးလွန်ကျောင်းမှာ Grade 12 တက်ရောက်နေသူဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မြစ်ကြီးနားမြို့မှာ အသက် ၁၆ နှစ်ဝန်းကျင် လူငယ်တစ်ဦးကို သူငယ်ချင်းဖြစ်သူနှစ်ဦးက ညပိုင်း လမ်းကြားတစ်နေရာမှာ လည်ပင်းညှစ်ကာ လုယက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ လုယက်ခံရသူဟာ သတိမေ့သွားခဲ့ပေမယ့် အသက်ရှင်ခဲ့ပြီး မိဘတွေဘက်က ကျေအေးပေးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ မြစ်ကြီးနားမြို့မှာ လုယက်မှုနဲ့ အကြမ်းဖက်မှုတွေ မကြာခဏတွေ့လာနေရပေမယ့် ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူနိုင်တာ နည်းနေသေးတာကြောင့် လုံခြုံရေးအပေါ် စိုးရိမ်မှုရှိနေတယ်လို့ ပြောပါတယ်။

By – Hope

Show More

Leave a Reply

Back to top button