လယ်ယာမြေထဲရွှေတူးဖော်နေတာကို ရပ်တန့်ပေးဖို့ဒေသခံတွေတောင်းဆိုနေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ဆင်လုံဒမ်း () ကျေးရွာက လယ်ယာမြေတွေမှာ ရွှေအလွန်အကျွံ တူးဖော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မချမ်းဘော့မြို့နယ် ထရန်ဒမ်းကျေးရွာအုပ်စုရှိ ဆင်လုံဒမ်း () ကျေးရွာက လယ်ယာမြေတွေကို မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ မြေစာရင်းဌာနနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ရွှေတူးဖော်နေတယ်လို့ ဆင်လုံဒမ်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

စတူးတာက ၂၀၂၃ ခုနှစ်ကတည်းကပါ။ အစပိုင်းမှာတော့ နမ့်ဆဘွမ်ဘက် တောတောင်တွေမှာ တူးကြတာ။ အခုတော့ တောတောင်တွေကုန်သွားတော့ လယ်ကွက်တွေအထိ ရောက်လာတယ်။ နမ့်ဆဘွမ်ဘက်က လယ်တွေလည်း ကုန်သွားပြီ။ အခု ဆင်လုံဒမ်း () လယ်တွေကို လာတူးနေကြတယ်။ ရဲပါတယ်၊ တပ်လည်းပါတယ်၊ ထွေအုပ်နဲ့ မြေစာရင်းကအစ အားလုံးပါဝင်နေကြတယ် လို့ သူက ပြောပါတယ်။

ဆင်လုံဒမ်း () ကျေးရွာမှာ လယ်ယာမြေဧက ၅၀၀ ကျော်ရှိပြီး လက်ရှိမှာတော့ ၁၀ ဧကကျော်အထိ တူးဖော်ထားပြီလို့ ဒေသခံတွေက ဆိုပါတယ်။ 

ဒီရွှေတူးဖော်မှုကို ဘတ်ဖိုးစက် ၁၀ စီးခန့် အသုံးပြုနေပြီး မချမ်းဘော့နဲ့ ပူတာအိုမြို့က ရွှေလုပ်ငန်းရှင်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

လုပ်ငန်းရှင်တွေက လယ်တွေဝယ်ပြီး တူးကြတာပါ။ လယ်ရောင်းဝယ်တဲ့အခါ မြေစာရင်း၊ ရဲတွေပါ ပါဝင်တယ်။ မရောင်းချင်တဲ့ လယ်တွေကလည်း အများကြီးရှိတယ်။ ဒါပေမယ့် ဘေးကအကွက်တွေ တူးဖော်လာတော့ မနေနိုင်လို့ ရောင်းလိုက်ရတာတွေ ရှိတယ်။ အခု ဆယ်ဧကလောက်တော့ တူးပြီးသွားပြီလို့ အထက်ဖော်ပြပါဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

ရွှေတူးဖော်နေတဲ့နေရာအနီးမှာ စပါးစိုက်လယ်ယာမြေတွေ ရှိနေတာကြောင့် ရေမြောင်းနဲ့ ဆည်မြောင်းတွေ ပျက်စီးလာပြီး စိုက်ပျိုးရေးထိခိုက်မှာကို တောင်သူတွေ စိုးရိမ်နေကြပါတယ်။

တစချို့တောင်သူတွေက ရောင်းလိုက်တော့ မြောင်းတွေ၊ ဆည်တွေ ပျက်စီးသွားတယ်။ တချို့လည်း ရေမရတော့လို့ မရောင်းချင်ပေမယ့် ရောင်းလိုက်ရတာတွေ ရှိတယ်။ အဆိုးဆုံးက စပါးခင်းတွေအနားမှာ တူးနေတာက ရင်နာစရာကောင်းတယ် လို့ နောက်ထပ်ဒေသခအမျိုးသမီးတစ်ဦးပြောပါတယ်။

ဒေသခံတွေကတော့ လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးနိုင်တာကြောင့် ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်မှုတွေကို အမြန်ဆုံး ရပ်တန့်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မချမ်းဘောမြို့နယ်က ထွေအုပ်ရုံးတာဝန်ရှိသူကို KNG က ဆက်သွယ်နေပေမယ့် ဖုန်း၊အင်တာနက်လိုင်းအခက်ခဲကြောင့် ဆက်သွယ်လို့မရသေးတာလည်းဖြစ်ပါတယ်။

ပူတာအိုဒေသမှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း နမ့်ဆဘွမ်၊ နမ့်ခမ်း၊ မကပ်မှော်နဲ့ အခြားဒေသတွေမှာ စက်ယန္တရားကြီးတွေ အသုံးပြုပြီး အကြီးစားရွှေတူးဖော်မှုတွေ ပိုမိုကျယ်ပြန့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button