မြစ်ကြီးနား–ပူတာအိုလမ်းပိုင်း အသက် ၁၅ မှ ၄၀ အောက် ခရီးသွားခွင့် ကန့်သတ်ထား

ကချင်ပြည်နယ် ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာ အသက် ၁၅ နှစ်အထက်နဲ့ အသက် ၄၀ အောက် ခရီးသွားပြည်သူတွေကို စစ်ကောင်စီတပ်က ခရီးသွားလာခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။

ဒီလို ကန့်သတ်တာကို စက်တင်ဘာလဆန်းပိုင်းကစပြီး စတင်လုပ်ဆောင်လာတာလို့ ဒေသခံအမျိုးသမီးတစ်ဥိး  KNG ကို ပြောပါတယ်။

အရင်ကတော့ ရပါတယ်။ ထောက်ခံစာပါရင် လွတ်တယ်။ ဒီရက်ပိုင်းကတော့ မရတော့ဘူး။ ထောက်ခံစာပါလာရင်လည်း ပြန်လွှတ်နေတယ်။ အသက် ၁၅ နှစ်အထက်နဲ့ ၄၀ အောက်တွေ မသွားခိုင်းဘူး၊ ပြန်ခေါက်ခိုင်းနေတယ်လို့ သူက ပြောပါတယ်။

လတ်တလော ထောက်ခံစာပါလာရင်တောင် လမ်းတလျှောက်ရှိ စစ်ကောင်စီတပ်ဂိတ်တွေကနေ ပြန်လှည့်ခိုင်းနေတယ်လို့ ကားသမားတွေနဲ့ ခရီးသွားပြည်သူတွေက ဆက်ပြောပါတယ်။

ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ ပူတာအိုကနေ မြစ်ကြီးနားဘက် ဆင်းလာတဲ့သူတွေကို ဆွမ်ပီယန်မှာရှိတဲ့ စစ်ကောင်စီတပ်ဂိတ်ကနေ ပြန်လှည့်ခိုင်းနေသလို မြစ်ကြီးနားကနေ ပူတာအိုဘက် တက်သွားတဲ့သူတွေကိုလည်း မြစ်ဆုံအထက်ဂိတ်ကနေ ပြန်လှည့်ခိုင်းနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားကနေ ပူတာအိုတက်ရင် မြစ်ဆုံအထက်ဂိတ်မှာ ပြန်လှည့်ခိုင်းတယ်။ ထောက်ခံစာပြလည်း မရဘူး။ ပူတာအိုကနေ မြစ်ကြီးနားဆင်းလာတဲ့ ခရီးသည်တွေဆိုရင်လည်း ဆွမ်ပီယန်ဂိတ်ကနေ ပြန်လှည့်ခိုင်းနေတယ်။ ဒီဘက်ကျော်လို့ မရဘူးလို့ ပူတာအိုဘက်ကို သွားမယ့် ခရီးသည်တစ်ဦးက ပြောပါတယ်။

ခုလို ကားလမ်းပိုင်း သွားလာခွင့် ကန့်သတ်ခံရတာကြောင့် လေကြောင်းကနေသွားလာနေရတယ်လို့ဆိုပါတယ်။

ဒါကြောင့် လက်ရှိ ပူတာအိုမြစ်ကြီးနား လေကြောင်းခရီးစဉ်တွေဟာ လေယာဉ်လက်မှတ်ဈေးနှုန်းက တစ်ဦးကို ကျပ် ၅ သိန်းကျော်ကနေ ၆ သိန်းဝန်းကျင်အထိ မြင့်တက်လာတဲ့အပြင်လက်မှတ်ရဖို့လည်း အချိန်ကြာကြာ စောင့်ဆိုင်းရတဲ့အတွက် အဖက်ဖက်ကနေ ပိုပြီး ခက်ခဲလာတယ်လို့ ပူတာအိုဒေသခံအမျိုးသားတစ်ဦးတွေက ပြောပါတယ်။

လေယာဉ်လက်မှတ် အသွားတစ်ခေါက်စာက ကားနဲ့ အသွားအပြန်တစ်ခေါက်စာလောက် ရှိတယ်။ လေယာဉ်နဲ့ ခရီးတစ်ခါသွားဖို့ လက်မှတ်စောင့်ဝယ်ရတာ အနည်းဆုံး နှစ်ပတ်၊ သုံးပတ်၊ တစ်ခါတလေ တစ်လလောက် စောင့်ရတယ်။ မလွယ်ဘူး။ ကားလမ်းနဲ့ပဲ လွယ်တယ်၊ ကုန်ကျလည်း သက်သာတယ်။ အခုလို မသွားရ၊ မလာရလို့ ကန့်သတ်ထားတော့ ပြည်သူတွေ အရမ်းနစ်နာတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာ အသက် ၁၅ နှစ်အထက်နဲ့ အသက် ၃၀ အောက် လူငယ်၊ လူလတ်ပိုင်းတွေကို ခရီးသွားလာခွင့် တားမြစ်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကနေ ၂၀၂၆ စက်တင်ဘာ မတိုင်ခင်အထိ လူငယ်နဲ့ လူလတ်ပိုင်းတွေ ကားနဲ့ ခရီးသွားမယ်ဆိုရင် စစ်ကောင်စီတပ်ဘက်ကို ကြိုတင်အကြောင်းကြားရတာ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေရဲ့ ထောက်ခံစာ ပါမှ သွားလာခွင့်ပြုတာတွေ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ အသက် ၁၅ နှစ်အထက်နဲ့ ၄၀ အောက်တွေကို ခရီးသွားလာခွင့် ထပ်မံတားမြစ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ ကန့်သတ်ချက်ကို ဘာကြောင့် ပြန်တင်းကျပ်လာတယ်ဆိုတာ အသေးစိတ် မသိရသေးပေမယ့် အထက်ဖော်ပြပါဒေသခံအမျိုးသားတစ်ဦးသုံးသပ်ပြောဆိုတာက “အခုတစ်ခေါက်က ဘာကြောင့်လဲဆိုတာ အသေးစိတ် မသိရသေးဘူး။ အရင်တုန်းကတော့ KIA က ဆွမ်ပရာဘွမ်မှာ လူငယ်တွေကို စုဆောင်းရေးလုပ်နေတော့ အဲဒီမှာ လူငယ်တွေ ပါသွားမှာ၊ တောဘက်မှာ အင်အားများလာမှာ စိုးရိမ်လို့ ဒီကနေ အဝင်အထွက်ကို ထိန်းချုပ်ထားတဲ့ပုံစံ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပူတာအိုမြစ်ကြီးနား လမ်းမကြီးဟာ ခေါင်လန်ဖူးနဲ့ နောင်မွန်းဘက်ကိုပါ ဆက်သွယ်ထားတဲ့ အဓိကလမ်းပိုင်းတစ်ခုဖြစ်ပြီး လက်ရှိ ခေါင်လန်ဖူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်၊ ဌာနေပြည်သူ့စစ်တပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် ပူတာအိုမြစ်ကြီးနား ကားလမ်းပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကိုလည်း KIA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ မြစ်ကြီးနားဘက်ခြမ်းမှာ တန်ဖရဲအထိ၊ ပူတာအိုဘက်ခြမ်းမှာ ဆွမ်ပီယန်အထိကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး KIA ပူးပေါင်းတပ်တွေက ဆွမ်ပရာဘွမ်မြို့နယ်အတွင်း လမ်းပိုင်းတစ်လျှောက်နဲ့ မြစ်ကြီးနားမြို့နယ်အတွင်း ဝဒတ်အထိ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button