ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေလုံခြုံရေးကြောင့် ရဲတွေရဲ့ မူလတာဝန်ပျက်ကွက်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီခန့်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေအတွက် လုံခြုံရေးယူပေးနေရတာကြောင့် နယ်မြေခံရဲတွေဟာ မူလတာဝန်တွေကို ထိထိရောက်ရောက် မလုပ်နိုင်ပဲဖြစ်နေတယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ချို့နဲ့ မြို့ခံတွေက ပြောပါတယ်။

ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေရဲ့ နေ့စဉ်သွားလာတဲ့ လမ်းကြောင်းလုံခြုံရေး၊ လေဆိပ်လမ်းကြောင်းလုံခြုံရေးတွေအပြင် အခမ်းအနားနဲ့ ဖွင့်ပွဲတွေမှာပါ လုံခြုံရေးယူပေးနေရတာကြောင့် ရဲအင်အား မလောက်တာတွေ ရှိနေတယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦး KNG ကို ပြောပါတယ်။

နေ့တိုင်း အားတယ်ကို မရှိဘူး။ ဝန်ကြီးချုပ် လမ်းကြောင်းဘဲ လိုက်နေရတာ။ ဝန်ကြီးတွေလမ်းကြောင်းတွေ၊ လေဆိပ်လမ်းကြောင်းတွေ၊ ဘာဖွင့်ညာဖွင့်ပွဲ အကုန်သွားနေရတာ။ ရဲတပ်ဖွဲ့ဝင် လုံလောက်မှု မရှိဘူးဖြစ်နေတယ်လို့  ပြောပါတယ်။

ခုလို ရဲအင်အား မလုံလောက်တာကြောင့် နယ်မြေခံရဲတွေအနေနဲ့ ခိုးမှု၊ လုယက်မှုတွေ ဖြစ်လာတဲ့အခါ လိုက်လံစစ်ဆေးဖမ်းဆီးဖို့ အချိန်မလောက်တာတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာလည်း စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်း  စျေးကနေပြန်လာတဲ့ အမျိုးသမီးတစ်ဦးရဲ့ စျေးခြင်းတောင်းထဲမှာ ထည့်ထားတဲ့ ပိုက်ဆံအိတ်နဲ့ ဖုန်း လုယူသွားတဲ့ဖြစ်စဉ် ရှိခဲ့တယ်လို့ ရမ်ပူရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။

အစတော့ ဆိုင်ကယ်ကပ်မောင်းလာတော့ လမ်းကျဉ်းလို့ဖယ်ပေးလိုက်ခါမှ ခြင်းတောင်းမှာ ထည့်ထားတဲ့ ပိုက်ဆံအိတ်နဲ့ ဖုန်း တစ်ခါထဲ လုသွားတယ်တဲ့လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ရက် ၁၀၀ စီမံကိန်းပြီးနောက်ပိုင်း ခိုးမှု၊ လုယက်မှုတွေ ပြန်များလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ခုလို ပြည်သူတွေရဲ့ လုံခြုံရေးကို အဓိကလုပ်ပေးရမယ့်အချိန်မှာ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေရဲ့ လုံခြုံရေးအတွက် ရဲအင်အားတွေ အသုံးပြုနေရတာကြောင့် မြို့တွင်းလုံခြုံရေးအတွက် ရဲတွေရဲ့ မူလတာဝန်တွေ ပျက်ကွက်နေတယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ချို့နဲ့ မြို့ခံတစ်ချို့က ပြောပါတယ်။

By – Zami

Show More

Leave a Reply

Back to top button