မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲရာမှ အိမ်ခြေရာမဲ့အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်ရှိ ကြက်ခြေနီခြံဝန်းအတွင်း အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲရာမှ ဆေးရှော့ဖြစ်ပြီး ဒီနေ့ နေ့လယ်ပိုင်းမှာ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

အဲ့ကြက်ခြေနီခြံဝန်းက ဆေးသမားအများစု ဆေးသုံးတဲ့နေရာ ဟုတ်တယ်။ ရပ်ကွက်က ဘယ်လောက်တားတား မရဘူး။ မနက်အစောပိုင်းနဲ့ ညနေပိုင်းဆို ဆေးသမားတွေ အဲ့ခြံထဲမှာ ဆေးသုံးနေကြပဲ။ ဒီနေ့ ဆေးသမားတစ်ဦး သေဆုံးသွားတယ် လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကို ဧရာဝတီကရုဏာ (အခမဲ့) လူမှုကူညီရေးအသင်းက ပိုင်ရှင်မဲ့အလောင်းအဖြစ် ရာဒါကောင်းသုဿန်ကို ပို့ဆောင်ကူညီပြီး သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေ တစ်နေ့ထက်တနေ့ ပိုများလာနေပြီး သက်ဆိုင်ရာက ဖမ်းဆီးရာမှာ မူးယစ်ဆေးဝါးဖြန့်ဝေတဲ့ လက်ကြီးဒိုင်တွေကို ဖမ်းဆီးမှုနည်းပြီး သုံးစွဲသူတွေကိုသာ အများအားဖြင့် ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်ရှိ ကြက်ခြေနီခြံဝန်းဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ မကြာခဏလာရောက်သုံးစွဲတဲ့နေရာဖြစ်ပြီး ရပ်ကွက်နေပြည်သူတွေက တားမြစ်ပေမယ့် ဆက်လက်သုံးစွဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏသိမ်းပြီးနောက် မြို့ပေါ်ရပ်ကွက်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ ပိုများလာနေပြီး လက်ကြီးဒိုင်တွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူတာထက် သုံးစွဲသူတွေကိုသာ အဓိကဖမ်းဆီးအရေးယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By – Zami

Show More

Leave a Reply

Back to top button