Pantoja ကို အမှတ်နဲ့အနိုင်ယူ၊ Joshua Van ချန်ပီယံခါးပတ် ဆက်ထိန်း
“အခု ကျွန်တော့်ကို ထပ်ပြီး သံသယဝင်ကြည့်ကြစမ်းပါဦး” Joshua Van ခါးပတ်ဆက်ထိန်း
မြန်မာနိုင်ငံဖွား၊ ချင်းဖိုက်တာ UFC ချန်ပီယံ Joshua Van ဟာ ဒီနေ့ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းက အမေရိကန် နိုင်ငံ Los Angeles မြို့မှာ ကျင်းပတဲ့ UFC 331 ရဲ့ Main Event ပွဲစဉ်မှာ ချန်ပီယံဟောင်း Alexandre Pantoja ကို အမှတ်ပေးဒိုင် ၃ ဦးလုံးရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်နဲ့ အနိုင်ရပြီး Flyweight ချန်ပီယံခါးပတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် Joshua Van နဲ့ အသက် ၃၆ နှစ်အရွယ် Alexandre Pantoja တို့ဟာ ၅ ချီပြည့် ယှဉ်ပြိုင်ခဲ့ကြပြီး ဒိုင် ၃ ဦးရဲ့ အမှတ်ပေးမှုကတော့ ၅၀–၄၅၊ ၄၉–၄၇၊ ၄၉–၄၆ နဲ့ Joshua Van ဘက်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပွဲအစပိုင်းမှာ Pantoja က အနီးကပ်ဖိအားပေးပြီး မြေပြင်ချုပ်ကွက်တွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ပွဲကြာလာတာနဲ့အမျှ Joshua Van က သူ့ရဲ့ လက်သီးထိုးချက်တွေနဲ့ တန်ပြန်ထိုးချက်တွေကို အသုံးပြုပြီး အသာစီးရယူနိုင်ခဲ့ပါတယ်။
နောက်ဆုံးအချီမှာတော့ Joshua Van ရဲ့ ညာလက်သီးချက်ကြောင့် Pantoja လဲကျသွားခဲ့ပြီး ပွဲအဆုံးမှာလည်း Van ဘက်က အသာစီးရယူနိုင်ခဲ့တာကြောင့် ဒိုင် ၃ ဦးလုံးရဲ့ အမှတ်ပေးမှုနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ Joshua Van က သူ့ရဲ့ ပထမဆုံးအနိုင်ရရှိမှုကို ကံကောင်းလို့ ရခဲ့တာလို့ ပြောဆိုခဲ့သူတွေကို ပြန်လည်တုံ့ပြန်တဲ့ အနေနဲ့ သူ့ကို ထပ်မံသံသယဝင်ကြည့်ဖို့ ပြောခဲ့ပါတယ်။
“အများစုက ပထမတစ်ကြိမ် နိုင်တုန်းက ကံကောင်းလို့ ရသွားတာလို့ ပြောခဲ့ကြတယ်မလား။ ကဲ… အခု ကျွန်တော့်ကို ထပ်ပြီး သံသယဝင်ကြည့်ကြစမ်းပါဦး။”
ဒါ့အပြင် Joshua Van က ဒီနေ့ပွဲမှာ အပြင်းအထန် ယှဉ်ပြိုင်ခဲ့တဲ့ Pantoja ကိုလည်း ချီးကျူးခဲ့ပြီး သူ့အပေါ် လေးစားမှုရှိကြောင်း ပြောပါတယ်။
“ပထမဆုံး Pantoja ကိုဂုဏ်ပြုချင်ပါတယ်။ ကျနော့ဘက်ကတော့ သူ့ကိုလေးစားရုံကလွဲလို့ ဘာမှမရှိပါဘူး။ သူက သောက်ရမ်း မာတဲ့ကောင်ကြီးပါ။ ပွဲသိမ်းဖို့က မလွယ်ဘူး။”
ဒီပွဲဟာ Joshua Van နဲ့ Pantoja တို့ရဲ့ ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ပထမအကြိမ်ကတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ UFC 323 မှာ ဖြစ်ခဲ့ပါတယ်။ အဲဒီပွဲမှာ Pantoja ဟာ ပထမအချီ ၂၆ စက္ကန့်မှာ တံတောင်ဆစ်ဒဏ်ရာရရှိခဲ့တာကြောင့် ဆက်လက်မယှဉ်ပြိုင် နိုင်တော့ဘဲ Joshua Van က TKO နဲ့ အနိုင်ရပြီး ချန်ပီယံခါးပတ်ကို ရရှိခဲ့တာပါ။
ဒါကြောင့် ဒီနေ့ပွဲမှာတော့ Joshua Van အနေနဲ့ ပထမပွဲကလို ပြိုင်ဘက်ရဲ့ ဒဏ်ရာကြောင့် အနိုင်ရတာမဟုတ်ဘဲ ၅ ချီပြည့် ယှဉ်ပြိုင်ပြီး အမှတ်ပေးဒိုင်တွေရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်နဲ့ ချန်ပီယံခါးပတ်ကို ဆက်လက်ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Joshua Van ဟာ ချန်ပီယံဖြစ်လာပြီးနောက် ၂၀၂၆ ခုနှစ် မေလမှာ ဂျပန်ကစားသမား Tatsuro Taira ကို ပဉ္စမအချီ TKO နဲ့ အနိုင်ရ ပြီး ပထမဆုံးအကြိမ် ချန်ပီယံခါးပတ်ကာကွယ်ထားခဲ့တာဖြစ်ပါတယ်။ ဒီနေ့ Pantoja ကို အနိုင်ရတာကြောင့် ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ် ဆက်လက်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီနိုင်ပွဲနဲ့ အတူ Joshua Van ရဲ့ ပရော်ဖက်ရှင်နယ် MMA မှတ်တမ်းက ၁၈ ပွဲနိုင်၊ ၂ ပွဲရှုံးအဖြစ် ရှိလာပြီး UFC Flyweight ချန်ပီယံ အဖြစ်လည်း ဆက်လက်ရပ်တည်နေပါတယ်။
By – အမိုး




