တစ်လအတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်းတွေ့ရှိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်းအထိ တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီပိုင်ရှင်မဲ့အလောင်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တွေ့ရှိခဲ့တာဖြစ်ပြီး အရင်နှစ်ကထက် တွေ့ရှိမှု ပိုစိပ်လာတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“တချို့လည်း အိမ်ခြေရာမဲ့ပေါ့။ တချို့လည်း အိမ်က ဆေးသမားမို့လို့ ပစ်ထားတဲ့ဟာ အဲလိုမျိုးပေါ့။ ပိုင်ရှင်မဲ့တွေက ပိုပြီးတော့မှ စိပ်လာတာပေါ့။ မနှစ်တုန်းကထက်စာရင်တော့” လို့ သူက ပြောပါတယ်။
တွေ့ရှိခဲ့တဲ့ အလောင်း ၃ လောင်းထဲက တစ်လောင်းကို အောက်တိုဘာ ၃ ရက်နေ့မှာ မြစ်ကြီးနားမြို့ ရင်ခွဲရုံမှာ တွေ့ရှိခဲ့ပြီး နောက်တစ်လောင်းကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ပြည်သူ့ဆေးရုံမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
နောက်ဆုံးတစ်လောင်းကိုတော့ အောက်တိုဘာ ၂၇ ရက်နေ့မှာ စီတာပူရပ်ကွက်၊ ဗလမင်းထင်တံတားအောက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်တွေကို မြစ်ကြီးနားအခြေစိုက် လူမှုကူညီရေးအသင်းတွေရဲ့ Facebook စာမျက်နှာတွေမှာလည်း ရေးသားဖော်ပြထားပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၀ ကနေ ၄၀ ကျော်အရွယ်တွေဖြစ်ပြီး မိသားစုဝင်တွေ၊ ပိုင်ရှင်တွေကို ရှာမတွေ့တာကြောင့် ပိုင်ရှင်မဲ့အနေနဲ့ မီးသင်္ဂြိုဟ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း ဧရာဝတီမြစ်၊ ကချင်စုဆိပ်ကမ်းမှာ အလောင်းတစ်လောင်း တွေ့ရှိခဲ့ပြီး မြစ်ကြီးနားမြို့ ရင်ခွဲရုံကို ချက်ချင်း ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လအတွင်း မြစ်ကြီးနားမြို့မှာ ပိုင်ရှင်မဲ့အလောင်း ၆ လောင်းအထိ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီအလောင်းတွေထဲက တချို့ကိုသာ မိသားစုဝင်တွေက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်အလောင်းတွေကိုတော့ ပိုင်ရှင်ရှာမတွေ့တဲ့အတွက် ပိုင်ရှင်မဲ့အနေနဲ့ သင်္ဂြိုဟ်မြှုပ်နှံခဲ့ရတယ်လို့ သိရပါတယ်။
ပုံမှန်အားဖြင့် ပိုင်ရှင်မဲ့အလောင်းတွေကို မြစ်ကြီးနားမြို့ ရင်ခွဲရုံမှာ ၃ ရက်ဝန်းကျင်သာ ထားရှိပြီး အဲဒီနောက် ဂျန်မိုင်ကောင်သုသာန်မှာ သင်္ဂြိုဟ်လေ့ရှိတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
လက်ရှိ ကချင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေကြောင့် ဗန်းမော်၊ အင်းတော်၊ ဗန်းမောက်၊ မိုးမောက်၊ မြို့သစ်နဲ့ ဖားကန့်စတဲ့ ဒေသတွေကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေထဲမှာ အိမ်ခြေရာမဲ့ဖြစ်သွားသူတွေလည်း အများအပြားရှိနေတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
မြစ်ကြီးနားမြို့မှာ စစ်ဘေးရှောင်တွေနဲ့ အိမ်ခြေရာမဲ့တွေ များလာတာနဲ့အတူ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ အာဟာရချို့တဲ့မှုတွေကြောင့် သေဆုံးသူတွေလည်း ပိုများလာတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
By – Hope




